သေကံခွဆုံကျေးရွာကမ်းပါးပြိုကျမှု မြို့နယ်အုပ်ချုပ်ရေးမှူးမသိသေး၊ ပြုပြင်ပေးဖို့လည်းမရှိသေးဟုဆို

By  Voice Of Westland (VOW)/ 2022 February 15

သူရိန်လင်း

ဘူးသီးတောင်မြို့နယ်၊ သေကံခွဆုံကျေးရွာမှာ ပေ၂၁၀၀ လောက်ရှည်တဲ့ ကမ်းပါးပြိုကျနေမှုတွေဖြစ်နေပါတယ်။ အခုလိုဖြစ်နေတာနဲ့ပတ်သက်လို တစုံတရာအကြောင်းကြားတာမရှိတဲ့အတွက် အဖြစ်အပျက်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

“အဲဒီကမ်းပါးပြိုတဲ့ကိစ္စနဲ့ပတ်သက်လို့ ကျနော့်ကိုတင်ပြတာမရှိတဲ့အတွက် သေးဘူး။ ဒါကြောင့် စီစဉ်ထားတာလည်း မရှိဘူး” လို့ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးကျန်အေးက VOW ကို ပြောပါတယ်။

အခုပြိုကျနေတဲ့ကမ်းပါးဟာ မေယုမြစ်နဲ့ ရှမ်းမပေါက်ချောင်းတို့ဆုံတဲ့နေရာဖြစ်တဲ့အတွက် ဒီရေတိုက်စားမှုကြောင့် ပေ၂၁၀၀ လောက်အထိ ပြိုကျနေတဲ့အတွက် ဘုန်းတော်ကြီးကျောင်းတွေကိုတောင် ပြောင်းရွှေထားရတယ်လို့ သေကံခွဆုံကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ပြောပြချက်အရ သိရပါတယ်။

” အောက်ကမ်းပါးက ရေတိုက်စားခြင်းခံရတဲ့အတွက် မြေသားမရှိတော့ဘူး။ အောက်ကမ်းပါးကမြေမရှိတော့ အပေါ်က မြေတွေပြိုကျတာပါ။မြေပြိုကျလို့ ရွာကအိမ်တွေပြောင်းရွှေ့ တာတောင်မကသေးဘူး ၂၀၁၇ကဘုန်းကြီးကျောင်းကိုပင်ပြောင်းရွှေ့ ထားရပါတယ်” လို့ သေကံခွဆုံအုပ်ချုပ်ရေးမှုဦး မောင်သန်းညွှန့်က VOWကို ပြောပါတယ်။

အခုလို ကမ်းပါးပြိုနေတဲ့ကိစ္စကို ၂၀၁၈ က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံတို့ကို အကူအညီတောင်းခံခဲ့ပေမဲ့လည်း ဒီနေ့အချိန်အထိ တစ်စုံတရာထူးလာတာမရှိသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။

” ရွာလမ်းကိစ္စနဲ့ ရွာကိုရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းရွှေနဲ့ ဦးမောင်ကျော်ဇံတို့နှစ်ဦးကို ကမ်းပါးကိုလိုက်ပြပြီးအကူအညီတောင်းဖူးတယ်။ သူတို့ကကြိုးစား ကြည့်ပြီးကူညီပေးမယ်လို့တော့ပြောသွားတယ်။ အခုချိန်ထိတော့ ဘာသံမှမကြားရသေးပါဘူး” လို့ ပြောပါတယ်။

အခုလို ကမ်းပါးပြိုနေတာကို ကျေးရွာတွေအနေနဲ့ မလုပ်နိုင်တဲ့အတွက် အုပ်ချုပ်ရေးမှူးကလည်း ကျေးရွာသားတွေကို ဆန်နဲ့ ငွေကြေးတချို့ထောက်ပံ့ပေးလေ့ရှိတဲ့ NGO အဖွဲ့ကို ဆန်နဲ့ငွေကြေးအစား ကမ်းပါးမှာကျောက်တံတားလေးလုပ်ပေးဖို့ အကူအညီတောင်းဖူးတယ်လို့ ပြောပါတယ်။

” ကမ်းပါးပြိုကျနေတာတော့ ကျနော်တို့မမွေးခင် ကတည်းကပြိုကျနေတာပါ။ ကျနော်တို့အဘိုးခေတ်ကရွာမြေနေရာတွေဖြစ်တဲ့ အိမ်ခြံမြေ ၉၀ လောက် မြစ်ထဲပါသွားတာ။ ဒီပြသာနာတွေကိုဖြေရှင်းဖို့အတွက် ကျောက်တံတိုင်းဆောက်လုပ်ဖို့ကို ကျနော်တို့ရွာသားတွေက မတတ်နိုင်ပါ” လို့ သေကံကျေးရွာသားတစ်ယောက်ဖြစ်တဲ့ မောင်လှဝင်းက ပြောပါတယ်။

အခုလိုကမ်းပါးပြိုနေတာဟာ နှစ်ပေါင်း ၇၀ နီးပါးလောက်ရှိနေပြီဖြစ်တဲ့အတွက် တစ်နှစ်ထက်တစ်နှစ် အခြေအနေက ဆိုးရွားလာတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

သေကံခွဆုံကျေးရွာဟာ အိမ်ခြေ ၃၃၆ ဆောင်ရှိပါတယ်။ အဲဒီအထဲက ရခိုင်ရွာမှာ အိမ်ခြေ ၁၂၆ ဆောင်နဲ့ မူဆလင်ရွာမှာ အိမ်ခြေ ၂၁၀ ရှိပြီး လူဦးရေကတော့ ၁၉၂၂ ယောက်ရှိတဲ့ ကျေးရွာတစ်ရွာလည်းဖြစ်ပါတယ်။

https://www.facebook.com/VOW2ppl/posts/148614277557958

Leave a Reply

Your email address will not be published.