သမဂ္ဂရုံးများ ဖယ်ရှားခံရသော်လည်း ရပ်တည်ချက်မပြောင်းဘဲ ကျောင်းသားထုနှင့် ရက္ခိုင်အမျိုးသားအကျိုးစီးပွားအတွက် အစဉ်အမြဲတည်ရှိမည်ဟု စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကြေညာချက်ထုတ်

By Narinjara / 2022 February 26

မြထွီးသျှင်

ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်တွေတက္ကသိုလ်ရှိ စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂရုံးနှင့် ဆရာများသမဂ္ဂရုံးတို့ဖယ်ရှားခံရသော်လည်း ရပ်တည်ချက်မပြောင်းဘဲ ကျောင်းသားထုနှင့် ရက္ခိုင်အမျိုးသားအကျိုးစီးပွားအတွက် အစဉ်အမြဲတည်ရှိမည်ဟု စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ယနေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။

အဆိုပါကြေညာချက်ကို ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နံနက်တွင် စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဗဟိုအမှုဆောင်အဖွဲ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထိုသို့ရုံးခန်းနေရာဖယ်ရှားခံရသော်လည်း ကျောင်းသားများသမဂ္ဂ(စစ်တွေတက္ကသိုလ်)အနေဖြင့် မိမိတို့၏ ရပ်တည်ချက်၊ ခံယူချက်သွားရာလမ်းကြောင်းများသည် ပြောင်းလဲသွားခြင်းမရှိဘဲ ကျောင်းသားထုအတွက် အစဉ်အမြဲတည်ရှိနေမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ရရာလမ်းကြောင်းမှနေ၍ ရက္ခိုင်အမျိုးသားအကျိုးစီးပွားအတွက် ကြိုးပမ်းလျက်ရှိနေမည်ဟုလည်း ဆိုထားသည်။

လက်ရှိကျောင်းသားသမဂ္ဂများ(စစ်တွေတက္ကသိုလ်)အနေဖြင့် အခွင့်သာသော အခြေအနေတစ်ခုတွင် ရှိမနေပါသဖြင့် အာဏာရှင်များ၏ လုပ်ရပ်များကို ရှောင်လွှဲနိုင်ရန်အတွက် ရုံးပြောင်းရွှေ့ခြင်းများပြုလုပ်မည်ဖြစ်ကြောင်း ရေးသားထားသည်။

ကျောင်းသားသမဂ္ဂ(စစ်တွေတက္ကသိုလ်)မှ ယာယီဥက္ကဋ္ဌ ကိုဘုန်းပြည့်ဖြိုးက “လောလောဆယ်မှာတော့ ပစ္စည်းတွေကို ဘုန်းကြီးကျောင်းတစ်ခုမှာ ပြောင်းရွှေ့ထားမယ်။ ရုံးနေရာကတော့ နောက်မှပဲရှာရမယ်” ဟု ပြောသည်။

စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂရုံး RC (2)နှင့် ဆရာများသမဂ္ဂရုံး RC (1)တို့ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးရန် စစ်တွေတက္ကသိုလ်တာဝန်ရှိသူများက ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် နှုတ်အားဖြင့် ညွှန်ကြားလာခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိရုံးနေရာမှာ နားနေဆောင်ဖြစ်သည့်အတွက် ကျောင်းသားများနားနေရန် ပြန်အသုံးပြုမည့်အတွက်ဟု အကြောင်းပြပြောဆိုကြောင်း ကိုဘုန်းပြည့်ဖြိုးက ဆက်ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေတက္ကသိုလ်ကျောင်းသားရေးရာဌာနမှ ဌာနမှူးဦးကျော်နိုင်ဦးက ဖယ်ရှားခံရမည့်သူများအတွက် နေရာသစ်စီစဉ်ပေးရန် အစီစဉ်မရှိသေးကြောင်း နိရ ဉ္စရာကို ယမန်နေ့က ပြောဆိုထားသည်။

https://www.facebook.com/narinjara.info/posts/5250825368262831

Leave a Reply

Your email address will not be published.