သစ်ခိုးထုတ်မှုကို တားဆီးရေးတွင် လိုအပ်ချက်များစွာရှိနေဆဲ

By Development Media Group (DMG)/ 2022 February 13

ရခိုင်ဒေသ၏ ထက်ဝက်ကျော်ကို သဘာဝပေါက်ပင်သစ်တောများဖြင့် ဖုံးလွှမ်းထားသည်ဆိုသော်လည်း သစ်တောများမှာ နှစ်စဉ်ပြုန်းတီးမှုနှင့်ကြုံတွေ့နေရသည်။ တပိုင်တနိုင်သစ်ခုတ်သူများထက် တရားမဝင် သစ်ခိုးထုတ်မှုများက သစ်တောသယံဇာတများပြုန်းတီးလာရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက ထောက်ပြကြသည်။

၂၀၂၂ ခု ပထမတစ်လအတွင်း နေ့စဉ်ရက်ဆက်ဖမ်းမိသည့် တရားမဝင်သစ်တန်ချိန်စုစုပေါင်းမှာ (၄၉၄ ဒဿမ ၇၉၅၅ တန်)ရှိကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာန၏စာရင်းက ဆိုထားသည်။

COVID -19 ကပ်ရောဂါနှင့် စစ်တပ်မှ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း နိုင်ငံအတွင်းမတည်မငြိမ်မှုများက တရားမဝင်သစ်ခိုးထုတ်မှုကို ပို၍ဖြစ်လာစေကြောင်း သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူများက မှတ်ချက်ပြုသည်။

“ကိုဗစ်ကြောင့် စီးပွားရေးတွေ ကျပ်တည်းကုန်တဲ့အခြေအနေမှာ အာဏာသိမ်းလိုက်တော့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ကြုံကြရတယ်။ ဒီတော့ အချို့သော ငွေကြေးတက်နိုင်သူတွေက ဆူလွယ်နပ်လွယ်ရှိတဲ့ သစ်တောတွေကို မျက်စိကျလာကြတာပါပဲ” ဟု ရခိုင်ကမ်းရိုးတန်းဒေသထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(RCA) ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်က DMG ကိုပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သည်မှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထိုအချိန်ကာလအတွင်း ရခိုင်မှ တရားမဝင်သစ် တန်ချိန်ပေါင်း (၁၆၂၉ ဒဿမ ၉၂၉၁ တန်) ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာန၏ စာရင်းကဖော်ပြသည်။

ရခိုင်ပြည်နယ်အတွင်းက တောင်ကုတ်၊ သံတွဲ၊ အမ်း၊ ဂွ စသည့်မြို့နယ်တို့တွင် တရားမဝင်သစ်ဖမ်းဆီးရရှိမှု အများအပြားရှိလာပြီး အများစုမှာပိုင်ရှင်မဲ့များဖြစ်ကြသည်။ ဖမ်းမိသည့်သစ်အမျိုးအစားများထဲတွင် ကျွန်းသစ်၊ သစ်မာတို့ပါဝင်ပြီး အများစုမှာ အခြားသစ်များဖြစ်ကြသည်။

ထိုသစ်များမှာ ရခိုင်ပြည်နယ်တစ်ခုတည်းမှ ခိုးထုတ်ယူသည့်သစ်များမဟုတ်ဘဲ အခြားဆက်စပ်ပြည်နယ်များ ဖြစ်သည့် ပဲခူးရိုးမနှင့် မင်းဘူးတို့မှ ရခိုင်ပြည်နယ်ဖက်သို့ သယ်ဆောင်လာသည့် သစ်များလည်းပါဝင်သည်။

တရားမဝင်သစ်ဖမ်းဆီးရမိသည့်ပုံစံများမှာ သက်ဆိုင်ရာမြို့နယ်သစ်တောဌာန တာဝန်ရှိသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကွင်းဆင်းကြစဉ် ခုတ်လဲထားသောသစ်များကို ပိုင်ရှင်မဲ့တွေ့ရှိခြင်း၊ ဒေသခံတို့၏ သတင်းပေး တိုင်ကြားချက်အရ သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးရမိခြင်းနှင့် သစ်သယ်ဆောင်လာသည့်ယာဉ်များကို လုံခြုံရေးဂိတ်များတွင် စစ်ဆေးတွေ့ရှိခြင်းမျိုးဖြစ်သည်။

သစ်ခိုးထုတ်မှုများကို မျက်မြင်တွေ့ရှိသည့်ဒေသခံတို့က သက်ဆိုင်ရာသို့တိုင်ကြားသောအခါ အချိန်နှင့်တပြေးညီဖမ်းဆီးမှု အားနည်း၍ ပိုင်ရှင်မဲ့သစ်များသိမ်းဆည်းရရှိမှုသာ ပိုများလာရခြင်းဖြစ်သည်ဟု ဒေသခံများက ဝေဖန်ပြောဆိုကြသည်။

“ဒီလူသစ်ခိုးနေပါတယ်။ ဒီလူသစ်လုပ်နေပါတယ်လို့ ဒဲ့ပြောနေတာတောင်မှ သူတို့တွေက ပိုင်ရှင်မဲ့ ဖြစ်ရသေးတယ်။ အဲဒီလူတွေက စစ်ကြောင်းရှိတယ်လို့သတင်းကြားတာနဲ့ စက်ပစ္စည်းတွေသိမ်းပြီးတော့ အိမ်မှာအေးအေးဆေးဆေးနှပ်နေပြီ။ အဲလိုအချိန်ကျခါမှသွားလို့ ဘာရမှာလဲ။ အဓိက ဘာကြောင့်ပိုင်ရှင်မဲ့ရတာလဲဆိုတာက ပိုင်ရှင်ကိုမိအောင်မဖမ်းဘဲနဲ့ သစ်ချည်းပဲလိုက်ဖမ်းနေလို့ဖြစ်တယ်။ အသေးအဖွဲ့စိတ်ကြွဆေးတွေတောင် ပိုင်ရှင်နဲ့မိသေးတာပဲ။ မိအောင်ဖမ်းရင် မိတာပဲ”ဟု ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်(ခွဲ)မှ လုံခြုံရေးအရအမည်မဖော်လိုသည် ဒေသခံတစ်ဦးကပြောသည်။

ကျိန္တလီမြို့၊ ဘဝင်ကျေးရွာအုပ်စုအတွင်း တရားမဝင်သစ်ထုတ်ယူမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြသည်ဟု ဒေသခံများကပြောဆိုသည်။ သစ်ခိုးခုတ်သူများသည် ယာယီတဲများ ဆောက်လုပ်ကာ သစ်များကိုခုတ်ကြပြီး ဘတ်ဟိုးဖြင့်လမ်းဖောက်ကာ သစ်များကိုသယ်ယူကြသည်ဟု မျက်မြင်တွေ့ရှိသည့်ဒေသခံများက DMG ကို ပြောသည်။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စက်တင်ဘာလအထိ တရားမဝင်သစ်တန်ချိန် (၈၉၂ ဒသမ ၄၈၈၂ တန်)၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သစ်တန်ချိန် (၂၄၂ ဒဿမ ၆၄၅၄ တန်)နှင့် ၂၀၂၂ ဇန်နဝါရီလတွင် တရားမဝင်သစ်တန်ချိန် (၄၉၄ ဒဿမ ၇၉၅၅ တန်) ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။

သစ်တောဦးစီးဌာနအနေဖြင့် တိုင်တန်းလာသည့် တရားမဝင်သစ်ခိုးထုတ်မှုများကို အတတ်နိုင်ဆုံး ဖမ်းဆီးမှုများရှိပြီး အချို့နေရာများမှာ အလှမ်းဝေး၍ သွားရောက်ရန်အခက်အခဲရှိကြောင်း ရခိုင်ပြည်နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သစ်တောဦးစီးဌာနတွင် ဝန်ထမ်းအင်အားနည်းခြင်း၊ လက်နက်မရှိခြင်းတို့ကြောင့် သစ်ခိုးထုတ်သူများကို နေရာတိုင်းလိုက်လံဖမ်းဆီးနိုင်ရန်အခက်အခဲရှိကြောင်း မြန်မာနိုင်ငံသစ်တောဦးစီးဌာနက အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက DMG ကိုပြောသည်။

“ကျနော်တို့သစ်တောဝန်ထမ်းတွေမှာက လက်နက်လည်းမရှိဘူး။ လူအင်အားကလည်းနည်းတော့ နေရာတိုင်းမှာ လိုက်ပြီးဖမ်းဆီးနိုင်ဖို့ အခက်အခဲ့ရှိပါတယ်။ တပ်မတော်စစ်ကြောင်းတွေ၊ ရဲတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး ဖမ်းဆီးတာမျိုးတွေလောက်ပဲ လုပ်နိုင်ပါတယ်”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် တရားမဝင်မှောင်ခိုလုပ်ငန်းများနှင့်ပတ်သက်၍ ပိုင်ရှင်မဲ့ ဖမ်းမိနေခြင်းမှာ “ထုံးစံ” တစ်ခုကဲ့သို့ဟု “စိမ်းပြာ”အဖွဲ့ ဒုတိယ-ဥက္ကဋ္ဌ ဦးမိုးကျော်ကပြောသည်။

“ကျနော်တို့တိုင်းပြည်မှာ မှောင်ခိုလုပ်ငန်းနဲ့ပတ်သက်ပြီး ကြီးကြီးမားမားဖမ်းမိရင် ပိုင်ရှင်မဲ့ဖြစ်သွားတာက ထုံးစံလိုဖြစ်နေပြီ။ မူးယစ်ဆေးဝါးဖမ်းမိရင်လည်း ပိုင်ရှင်မဲ့ဖြစ်သွားတာပဲ။ ကြီးကြီးမားမားဖမ်းမိတဲ့ဟာတွေ ပိုင်ရှင်မဲ့ ဖြစ်သွားတာက တိုင်းပြည်ရဲ့ထုံးစံလို့ပြောရမလိုဖြစ်နေတယ်။ ဒါဟာ နောက်ကွယ်မှာ ကြီးကြီးမားမား ကြိုးကိုင်နေတဲ့လူတွေကြောင့်လို့ထင်တယ်”ဟု “စိမ်းပြာ”သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး(စစ်တွေ) ဒုဥက္ကဋ္ဌ ဦးမိုးကျော်ကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း သစ်ခိုးထုတ်သူများတွင် သေနတ်ကိုင်ဆောင်ခြင်းကိုမတွေ့ရသော်လည်း အများအားဖြင့် ဓားနှင့် သစ်ဖြတ်လွှစက်(ချိန်းဆော)များကို ကိုင်ဆောင်ကြကြောင်း ဒေသခံများကဆိုသည်။ ယခင်က အနည်းအကျဉ်းသာရှိခဲ့သော သစ်ဖြတ်လွှစက်(ချိန်းဆော)များမှာ ယခုနောက်ပိုင်းတွင် တစ်ရွာလျှင်တစ်ခုကျစီ ရှိနိုင်သဖြင့် သစ်တောပြုန်းတီးမှုကို ပိုဖြစ်စေကြောင်းလည်းဆိုသည်။

သစ်တောဥပဒေပုဒ်မ- ၄၂(ခ)တွင် သစ်အခြေခံအသုံးပြုသည့် အသေးစားစက်မှုလုပ်ငန်းများနှင့် ပရိဘောဂ လုပ်ငန်းများမှအပ ခွင့်ပြုမိန့်မရရှိပဲ လွှစင်၊ လွှစက်၊ အထပ်သားစက်၊ သစ်ပါးလွှစက် (သို့မဟုတ်) လက်ကိုင် လွှစက်တို့ လက်ကိုင်ထားရှိလျှင် ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံးကျပ်ဆယ်သိန်းအထိ ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်းပါရှိသည်။

ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(RCA)ကမူ ရခိုင်ပြည်နယ်ရှိ သစ်တောသယံဇာတများမှာ ထုတ်ယူမှုများပြားခြင်းကြောင့် တဖြည်းဖြည်းဆုတ်ယုတ်လာနေပြီး အချိန်မီ မထိန်းသိမ်းနိုင်ပါက ဂေဟစနစ်ယိုယွင်းမှုဖြစ်ပွားကာ အဆိုးဘက်သို့အကျိုးများလာနိုင်ကြောင်းထောက်ပြသည်။

သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်နေသူ ကိုမျိုးလွင်က လက်ရှိသစ်တောဖုံးလွှမ်းမှုဧရိယာ အနည်းငယ်သာကျန်တော့သည့် ဂွ၊ သံတွဲ၊ တောင်ကုတ်နှင့် အမ်းမြို့နယ်တို့မှ သစ်များကို အများအပြား ခုတ်ယူနေမှုကြောင့် အချိန်မီတားဆီးရန်လိုအပ်နေကြောင်းပြောသည်။

“အခု ရခိုင်ရိုးမပေါ်ကသစ်စျေးကွက်တွေမှာ သစ်လုပ်ငန်းရှင်တွေက သူပိုင်၊ ကိုယ်ပိုင်ပုံစံမျိုးနဲ့ အပြိုင်အဆိုင် စက်ယန္တရားတွေ၊ ဘက်ဟိုးတွေနဲ့လမ်းဖောက်ပြီး သစ်ခုတ်နေကြတယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင်ကို အများကြီးထိခိုက်တယ်။ သူတို့လမ်းဖောက်တဲ့ဧရိယာမှာလည်း သစ်ပင်တွေအများကြီးပါသွားတယ်”ဟု ကိုမျိုးလွင်ကဆိုသည်။

၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်အတွင်းက ရခိုင်ပြည်နယ်အတွင်း တရားမဝင်သစ်ဖမ်းဆီးရမှု (၂၄၂)မှုအထိရှိခဲ့ပြီး တရားမဝင်သစ်တန်ချိန်ပေါင်း (၅၂၃၀ ဒသမ ၄၆၁၅ တန်)အထိ ဖမ်းဆီးရမိခဲ့သည်ဟု သစ်တောဌာနက ထုတ်ဖော်ပြောကြားထားသည်။

https://www.facebook.com/dmgnewsagency/posts/2224440054375060

Leave a Reply

Your email address will not be published.