ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် မြေနေရာငှားရမ်းခအတွက် အထောက်အပံ့လိုအပ်နေ

By Western News/ 2022 February 19

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ ဝါးတောင်စစ်ဘေးရှောင်စခန်းတွင်နေထိုင်နေကြသည့်စစ်ဘေးရှောင်များမှာ မြေနေရာငှားရမ်းခ မပေးနိုင်သည့်အတွက် စခန်းကနေ ဖယ်ရှားပေးရမည့် အခြေအနေနှင့် ရင်ဆိုင်နေရ သည်ဟု စခန်းတာဝန်ခံများက ပြောသည်။

လက်ရှိစစ်ဘေးရှောင်များနေထိုင်နေသည့် ဝါးတောင်စစ်ဘေးရှောင်စခန်း မြေနေရာကို ဒေသခံရွာသား (၃) ဦးမှ (၃) နှစ် အာမခံ နှင့် (၂၀၁၈) ခုနှစ် ဒီဇင်ဘာလ မှာ စတင်လှူဒါန်းထားခြင်းဖြစ်ပြီး ယခုအချိန်မှာ (၃) နှစ်ကျော် ရှိလာပြီ ဖြစ်သည့်အတွက် မြေပိုင်ရှင်များကလည်း လယ်ယာလုပ်ကိုင်ရန်  မိမိတို့ပိုင် မြေနေရာများကို ပြန်လိုချင်နေကြခြင်းဖြစ်သည်။

စစ်ဘေးရှောင်များမှာ လက်ရှိစခန်းမြေနေရာမှ ထပ်မံရွေ့ပြောင်းစရာ နေရာမရှိသည့်အတွက် မြေပိုင်ရှင်များကို ထိုက်သင့်သည့် အဖိုးခ ပေးပြီး နေထိုင်နိုင်ဖို့ စခန်းတာဝန်ခံမှတစ်ဆင့် ညှိနှိုင်းပြောဆိုထားသည်။

မြေပိုင်ရှင်များကို  အဖိုးခပေးရန် ပြောဆိုထားသော်လည်း စစ်ဘေးရှောင်များမှာ ငွေကြေးအခက်အခဲရှိနေသည့်အတွက် ဌားရမ်းခ မပေးနိုင်သေးတာကြောင့် စခန်းမှာဆက်လက်နေထိုင်နိုင်ဖို့ ငွေကြေးအထောက်အပံ့ အရေးပေါ်လိုအပ်နေသည်ဟု ဝါးတောင်စစ်ဘေးရှောင်စခန်း တာဝန်ခံ ဒေါ်မယိုင်ဦး ကပြောသည်။

“စစ်ဘေးရှောင်တွေက လူကယ်ပြန်ကပေးတဲ့ ဆန်ရိက္ခာ၊ WFPက ပေးတဲ့ ထောက်ပံ့ငွေလေးနဲ့ မျှတအောင် စားသောက်နေရတာ။ အလုပ်အကိုင်မရှိတဲ့အတွက် ငွေပိုငွေလျှံလည်း မရှိကြဘူး။ ဒါကြောင့် စခန်းမြေနေရာ အဖိုးခပေးဖို့ စစ်ဘေးရှောင်တွေမှာ မတတ်နိုင်ကြသလို အဖိုးခအတွက် အလှူရှင်တွေကနေ ထောက်ပံ့တာတွေလည်း မရှိတဲ့အတွက် စခန်းကနေ ပြောင်းရွှေ့ရမှာကို စစ်ဘေးရှောင်တွေမှာ စိုးရိမ်ပြီး စိတ်ဆင်းရဲနေကြတယ်” ဟုပြောသည်။

မြေပိုင်ရှင်များက မြေငှားရမ်းခအနေဖြင့် စျေးနှုန်းသတ်မှတ် တောင်းဆိုလာတာမျိူးမရှိသည့်အတွက် ကာလပေါက်စျေးမဟုတ်ရင်တောင် ထိုက်သင့်သည့် အဖိုးခ အနေဖြင့် ဌားရမ်းခငွေ ပေးဖို့ စုစုပေါင်း ငွေကျပ်  (၉) သိန်း လိုအပ်လျက်ရှိသည်။

ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေကြသည့် စစ်ဘေးရှောင်များမှာ စခန်းမှာနေထိုင်လာတာ ၃ နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည့်အတွက် ရွာရှိနေအိမ်များမှာလည်း ပြိုပျက်လာကာ အိမ်ပြန်နေထိုင်စရာ အိမ်မရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ဝါးတောင်စစ်ဘေးရှောင်စခန်းမှာ မင်းပြားမြို့နယ် ကုလားမ တောင်ရွာ ၊ မြေပုံ မြို့နယ် ဒဂုန် ရွာ ၊ မြောက်ဦးမြို့နယ် ပန်းမြောင်းရွာ နှင့် ဘောင်းဒွတ် ရွာများမှ စစ်ဘေးရှောင်အိမ်ထောင် စု (၃၁) စု၊ လူဦးရေ (၁၆၄) ဦး နေထိုင်နေကြခြင်း ဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/468491008290742

Leave a Reply

Your email address will not be published.