“ဝမ်းမြောက်၊ဝမ်းသာ သာဓုခေါ်ဆိုလိုပါသည်”

By  Voice Of Westland (VOW)/ 2022 February 09

အောင်ကြည်မိုး(သင်းပုန်းတန်း)ရေးသည်။

ကျေးလက်ဇာတိဖြစ်သည့် ကျွန်ုပ်သည် ယခုဆိုပါလျင် အသက်(၄၇) နှစ်ရှိပါပြီဖြစ်သည်။ အသက်(၃၀)ကျော်အရွယ်ကတည်းက တစ်ရွာ မပြောင်း၊သူကောင်းမဖြစ်ဆိုသလို ရေကြည်ရာ၊မြက်နုရာ စစ်တွေမြို့ပေါ်သို့ ရွေ့ပြောင်းအခြေချကာ တက္ကစီ မောင်းရင်း မိသားစုဝမ်းရေးအတွက် အသက်မွေးမြုနေခဲ့သည်။ စစ်တွေမြို့ရှိ လူ့အဖွဲ့အစည်းသည် အချိန်နှင့်အမျှ ပြောင်းလဲနေရာတွင် အကောင်းသဘောသို့ပြောင်းလဲနေသလို အဆိုးဘက်သို့လည်း ပြောင်းလဲနေသည်ကို ကျွန်ုပ်အနေဖြင့် တွေ့မြင်လာနေရသည်။

ယနေ့အချိန်တွင်  စစ်တွေမြို့ပေါ်၌ အလှူတန်းပြုလုပ်ရာတွင် ဂုဏ်ထူးဂုဏ်ပြိုင် အလှူမဏ္ဍပ်ကြီးများအား အပြိုင်အဆိုင်ခမ်းခမ်းနားနား ဆောက်လုပ်လာကြသည်။ သို့ဖြစ်၍ ကျွန်ုပ်တစ်ခု မေးမြန်းလိုသည်က  လှူတတ်ကြပါရဲ့လား။ အလှူတစ်ခုပြုလုပ်ချိန်တွင် မိမိနှင့်သူတစ်ပါး မထိခိုက်ဘဲ သန့်ရှင်းစင်ကြယ်သော အလှူဒါနမျိုးဖြစ်ဖို့ အလွန်အရေးကြီးသည်။ အများနှင့်အပြိုင်အဆိုင် ဂုဏ်တု၊ဂုဏ်ပြိုင် ငါသည်သာ လှူနိုင်သည်ဆိုပြီး လှူဒါန်းမှုပြုလုပ်ပါလျင် အတ္တ၊မာနများ ပါဝင်နေနိုင်သည်။ အများကိုမထိခိုက်သော အလှူကိုပြုလုပ်တတ်ပါမှ သန့်ရှင်းစင်ကြယ်သော အလှူဒါနမျိုးဖြစ်ပြီး လူနတ်၊ သာဓုခေါ်ဆိုကြပေလိမ့်မည်။

ကျွန်ုပ်တို့ စစ်တွေမြို့ပေါ်သို့ လူအမြောက်အမြား ရွေ့ပြောင်းနေထိုင်မှုများ၍  မြို့ပြလူဦးရေတိုးပွားလာမှုနှင့် အတူ အနုတ်သဘောဆောင်သော လူနေမှုစနစ်များလည်း ရှိလာနေသည်။ လမ်းပေါ်တွင် ယာဉ်ပိတ်ဆို့မှုကို ဖြစ်ပေါ်စေခြင်း၊ ဆိုင်ကယ်ပျောက်ဆုံးမှု စသည့်  ဆိုးကျိုးများလည်း ရှိနေရသည်။  စစ်တွေမြို့ပေါ်နေ တချို့ ပြည်သူများက ဒီမိုကရေစီ၏အနှစ်သာရဖြစ်သည့် လွတ်လပ်မှုကို အခွင့်ကောင်းယူလိုမှုကြောင့် ပတ်ဝန်ကျင်အား အရုပ်ဆိုး အကျည်းတန်စေမှုများလည်း ရှိနေသည်။ ဥပမာပြောရပါလျင်  စစ်တွေမြို့နည်းတူ ရခိုင်ပြည်နယ်က မြို့နယ်တချို့တွင် တချို့အလှူရှင်များက အများပြည်သူဆိုင်ရာ လူသွားလူလာလမ်းများကိုပိတ်ဆို့ပြီး  အလှူမင်္ဂလာပွဲများ၌ မဏ္ဍပ်ကြီးများ ဆောက်လုပ်လျက် ရှိနေကြသည်။

      ထိုသို့ အလှူမင်္ဂလာပွဲပြုလုပ်သည့် မဏ္ဍပ်ကြီးများအား ယာယီအချိန်အတိုင်းအတာတစ်ခုအထိမဟုတ်ဘဲ နှစ်ရက်၊သုံးရက် ပိတ်ထားခြင်းဖြင့် လူအများ အသွား၊အလာ အခက်ခဲဖြစ်ပြီး ဒုက္ခရောက်ကာ စိတ်ညစ်ကြရ သည်။  အမှန်က အလှူမဏ္ဍပ်ကြီးများ ဆောက်လုပ်မည်ဆိုပါလျင်လည်း လမ်းတစ်ခုလုံးကို ပိတ်ထားခြင်းမျိုး မ ဟုတ်ဘဲ လမ်းတစ်ဝက်ကို ဖွင့်ပေးထားပါမှု အများပြည်သူတို့၏ ကား၊ဆိုင်ကယ်များ သွားလာရလွယ်ကူနိုင်ပေ မည်။ ယခုက ထိုသို့မဟုတ် အများပြည်သူပိုင်လမ်းကို မိမိတို့ပိုင်ဆိုင်ထားသည့်လမ်းအလား ပိတ်ဆို့၍ အသုံး ပြုနေကြသည်ကို တွေ့မြင်နေရသည်။ ကျွန်ုပ်သည် စစ်တွေမြို့ပေါ်၌ တက္ကစီမောင်းနေသူဖြစ်သဖြင့် ထိုသို့ အလှူ မဏ္ဍပ်ကြီးများကိုဆောက်လုပ်ထား၍ လမ်းပိတ်ထားသည့်ဒဏ်ကို ခံစားနေရသူဖြစ်သည်။ လိုရာခရီးကို အချိန်တို အတွင်းမရောက်ရှိဘဲ တခြားလမ်းများမှ ကွေ့ပတ်၍ ခရီးသည်များကို လိုက်ပို့ပေးနေရတတ်သည်။

(၂)

မဏ္ဍပ်များဆောက်လုပ်ရာတွင် သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာေရးကော်မတီမှ သတ်မှတ်ခွင့်ပြုပေး သည့်နေရာ၊သတ်မှတ်ခွင့်ပြုပေးသည့်အတိုင်းအတာအထိသာ ဆောက်လုပ်ရမည်ဖြစ်ပြီး ခွင့်ပြုသည့်နေရာမှ ကျော်လွန်၍လည်းကောင်း ၊ ရွေ့ပြာင်း၍လည်းကောင်းဆောက်လုပ်ခွင့်မရှိပါ။ တချို့က လွပ်လပ်ခွင့်ကို အပြည့် အဝအသုံးချနေခြင်းဖြစ်ပြီး  လမ်းမပေါ် ဆေးရိုးလှမ်းဖို့ ကြိုးစားနေကြခြင်းသည်။ အများပြည်သူပိုင်လမ်း ဆို သည်မှာ အများပြည်သူအသုံးပြုရန် ပြုပြင်ထိန်းသိမ်းထားသောလမ်းကို ဆိုလိုပါသည်။

စစ်တွေမြို့၌ မြို့ပြစနစ်ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ယာဉ်နှင့်ဆိုင်ကယ်များပြားလာ၍ ကားကျပ်သည့် ပြဿနာ တစ်နေ့ထက်တစ်နေ့ တိုးမြှင့်နေသည်။ ကျွန်ုပ်တို့လို ကားမောင်းသူများ၊ဆိုင်ကယ်မောင်းသူများနှင့် လမ်း ဖြတ်ကူးသူများက လမ်းစည်းကမ်း၊ယာဉ်စည်းကမ်းလိုက်နာမှု အားနည်းသလို လမ်းပေါ်တွင် အချိန်ကြာမြှင့်စွာ ကားရပ်နားထားမှုများ၊ စျေးဆိုင်များက ကားလမ်းပေါ်တွင် ဘေးအဖီထိုး၍ ရောင်းချမှုရှိနေကြသဖြင့် စစ်တွေမြို့ တွင် ရုံးတက်၊ရုံးဆင်းချိန်များ၌ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်လျက်ရှိနေတတ်သည်။  ထို့သို့ စစ်တွေမြို့ပေါ်၌ လမ်း ပိတ်ဆို့မှုဖြစ်နေရချိန် လူသွား၊လူလာလမ်းများကို ပိတ်ဆို့ပြီး အလှူမဏ္ဍပ်ကြီးများဆောက်လုပ်ထားပါလျင် နောက်အခြားတစ်လမ်းတွင် ပွဲစျေးတန်းအလား ကားများ၊ဆိုင်ကယ်များနှင့် ပြည့်ကျပ်ကုန်ပါတော့သည်။ စစ် တွေမြို့ပေါ်တွင် တချို့ကားဝပ်ရှော့ပြုလုပ်နေသူများက လမ်းပေါ်၌ကားများကိုပြုပြင်လာခြင်းက ကားကျပ်မှုကို ဖြစ်ပေါ်နေသလို ကား၊ဆိုင်ကယ်များကို လမ်းပေါ်၌နှစ်ထပ်ရပ်နားထားခြင်းကလည်း လမ်းပိတ်ဆို့မှု ဖြစ်နေရ သည်။

၁၃၅၄ ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၀)ရက်၊ (၁၉၉၃ခုနှစ်၊ ဧပြီလ ၁ ရက်)နေ့က ထုတ်ပြန်ထားသည့်  စည်ပင်သာယာရေးအဖွဲ့များဥပဒေတွင်  အခန်း(၁၆)၏ တားမြစ်ချက်များ၌ ဖော်ပြထားသည်က ၅၈(က) အများပြည်သူနှင့် သက်ဆိုင်သော လမ်း၊ ရေမြောင်း၊ ရေပိုက်၊ မိလ္လာပိုက် တစ်ခုခုပေါ်တွင် ကျူးကျော်၍ အဆောက်အအုံကိုဖြစ်စေ၊ အဆောက်အအုံ၏ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ဆောက်လုပ်ခြင်းမပြုရ၊ (ခ)အများပြည်သူနှင့်သက်ဆိုင်သောလမ်း၊ ရေမြောင်း၊ရေပိုက်၊ မိလ္လာပိုက် တစ်ခုခုပေါ်တွင် ပိတ်ဆို့၍ အထည်အလိပ်၊ ဖျာသို့မဟုတ် အခြားပစ္စည်းတစ်ခုခုကို ဖြန့်ထားခြင်း၊ ဆွဲထားခြင်းမပြုရ ဟု ထုတ်ပြန်ထားသည်ကို ကျွန်ုပ် ဖတ်ဖူးနေခဲ့ရသည်။

(၃)

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များလဲကျ၍ ခရီးသွားပြည်သူများ အန္တရယ်ကင်းစွာ သွားလာနိုင် ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက စုပေါင်းရှင်းလင်း နေစဉ် ယာယီလမ်းပိတ်ဆို့မှုဖြစ်ပေါ်ခြင်းအား ကျွန်ုပ်တို့လိုကားသမားများနှင့်ခရီးသွားပြည်သူများက  နားလည် ပေးကြသည်။ အရေးပေါ်ယာဉ်တန်းဖြတ်သွားခြင်း၊လူနာတင်ယာဉ် မီးထွန်း၍မောင်းလာသဖြင့် ကားများ ရပ်ပေး ထားရ၍ ယာယီလမ်းပိတ်ဆို့မှုဖြစ်ရသည်ကိုလည်း လူတိုင်းက နားလည်ခွင့်လွတ်ပေးကြပါပေသည်။  သို့သော် လူသွားလူလာလမ်းများကို နာရီပေါင်းများစွာ ပိတ်ဆို့ထားမှုအား မည်သူတစ်ဦးတစ်ယောက်မှ နားလည်ခွင့် လွတ်ပေးနိုင်ကြမည်မဟုတ်။

နောက်တစ်ခုက သင်္ကြန်အလွန်ကာလများ၌ ရခိုင်ဒေသရှိ တချို့ရပ်ရွာများ၏အနီး ကားလမ်းပေါ်တွင် ဝါး များကို မောင်းတံသဖွယ်ပြုလုပ်ပြီး ဝါးတားဂိတ်နှင့် အလှူခံဖလားများကို ကိုင်ဆောင်လျက်  အလှူငွေကောက် ခံမှုများ ရှိနေကြသည်။ ကောက်ခံရရှိလာသည့်အလှူငွေကို ရပ်ကျိုး၊ရွာကျိုး မည်သို့လုပ်ဆောင်ရန်မသိဘဲ လမ်း သွားလမ်းလာများက အလှူငွေထည့်ဝင်ကြရသည်။

ပိုက်ဆံမပေးမချင်း ကားနှင့်ဆိုင်ကယ်များကို ထွက်ခွင့် မပေးဘဲ တားမြစ်ထားတတ်သည်။ တချို့ဆိုပါလျင် ထမင်းပေါင်းချက်စားရန် အလှုခံသည်ဟုဆိုကာ အရက်ပု လင်းများကို ကိုင်ဆောင်လျက် ဝါးတားဂိတ်များဖြင့် အလှူကောက်ခံကြသည်။ အများစုက အရွယ်ကောင်း အ မျိုးသမီးများဖြစ်နေပြီး သူတို့ကိုကြည့်လိုက်လျင် အရက်သောက်ထား၍ မူးနေကြသည်။ ထိုသို့ ဝါးတားဂိတ်များ ဖြင့် အလှူငွေကောက်ခံနေမှုများက လမ်းပေါ်သွားလာနေသူများအား အနုစီးဓားပြတိုက်သလိုဖြစ်နေသည်။ ထိုသို့ အလှူကောက်ခံမှုကြောင့် လမ်းပေါ်တွင် ကားများ၊ဆိုင်ကယ်များအနေဖြင့် စီတန်းမှုဖြစ်သွားရ၍ ခရီးသွား ရာ၌လည်း ကြန့်ကြာမှုဖြစ်နေကြရသည်။ ရပ်ရွာ၌ လိုအပ်သည့်သာသနိကအဆောက်အအုံများအတွက် အလှူ ငွေကောက်ခံခြင်းပြုလုပ်နေသည်ဆိုပါလျင် ကျွန်ုပ်တို့က ဝမ်းမြောက်ဝမ်းမြောက် သာဓုခေါ်ဆိုပေးမည်သာဖြစ်သ ည်။

 (၄)

နောက်တစ်ခုရှိပါသေးသည် အနီးနားကျေးရွာများကို စုပေါင်း၍ပြုလုပ်သည့်ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ တွင် ဆုဖလားရရှိသဖြင့် မဆီမဆိုင်လမ်းပေါ်၌ သွားလာနေသော ကားနှင့်ဆိုင်ကယ်များမှ ဆုရရှိသည့်ဖလားကို ကိုင်ဆောင်ပြသလျက် အလှူကောက်ခံမှုရှိကြသည်။ ပိုက်ဆံမပေးသရွေ့ ကားနှင့်ဆိုင်ကယ်များကို ရှေ့မှ ပိတ်ဆို့တားမြစ်ထားကြသည်။

ကျွန်ုပ်က ကားသမားဖြစ်၍ ရခိုင်ပြည်နယ်အနှံရောက်ရှိနေသဖြင့် ထိုဒုက္ခဆိုးကြီးကို မကြာခဏခံစားနေရသူ ဖြစ်သည်။  ဆုရရှိသည်ကို ကျွန်ုပ်တို့ဂုဏ်ယူပါသည်။ သို့သော်မဆီမဆိုင် လမ်းပေါ်သွားလာနေသူများ၊ ကားမောင် းနေသူများထံမှ အလှူကောက်ခံမှုသည် မဖြစ်သင့်သောကိစ္စတစ်ခုဖြစ်နေသည်။ ထည့်ချင်မှန်း၊မထည့်ချင်မှန်းမသိ ပိုက်ဆံထည့်ပေးလိုက်ပါမှ ကားရှေ့၌ပိတ်ပြီး ကခုန်နေခြင်းမှ လမ်းဖယ်ပေးတတ်ကြသည်။

   နိဂုံးချုပ်ရပါလျင် သဒ္ဒါတရားထက်သန်လှသည့် ရခိုင်လူမျိုးများအနေနှင့် နိဗ္ဗာန်ရည်မှန်းကာ လုပ်ဆောင်နေကြ ပါသော်လည်း အများသူငှာ စိတ်ချမ်းမြေ့ဖို့လိုပါမည်။ အလှူ့တကာတို့၏ ရှင်ပြုအလှူမဏ္ဍပ်မှ ထွက်ပေါ်လာ သည့် အသံချဲ့စက်အသံများကလည်း ရပ်ကွက်နေပြည်သူများ ဒုက္ခလှလှတွေ့နေကြရသည်။ လမ်းပိတ်ဆို့ထား မှုနှင့်ဆောင်းဘောက်(စ်)အသံများကြောင့် ရည်မှန်းနိဗ္ဗာန်ရောက်ရန် အထောက်အပံ့တစ်ခုဖြစ်သည့် ရှင်ပြု အလှူတော်မင်္ဂလာ ပြုလုပ်ကြမည်ကို တချို့ရပ်ကွက်နေပြည်သူများက စိုးရိမ်မှုရှိလာနေသည်။ လူကြီးမင်းများ၏ အလှူတော်မင်္ဂလာကို ဝမ်းမြောက်ဝမ်းသာ ကျွန်ုပ်တို့ သာဓုခေါ်ဆိုလို့ရအောင် အများပြည်သူပိုင် လူသွား၊လူလာ လမ်းများပေါ်ဝယ် ပိတ်ဆို့ပြီး မဏ္ဍပ်ကြီးတွေ မဆောက်လုပ်သင့်ပါကြောင့် ကျွန်ုအနေဖြင့် ရှုမြင်သုံးသပ်မိသည်။

အောင်ကြည်မိုး(သင်းပုန်းတန်း)

https://www.facebook.com/VOW2ppl/posts/147408784345174

Leave a Reply

Your email address will not be published.