By Narinjara / 2022 February 14
သဥ္ဇာနွယ်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် မကြာသေးမီက ဖွင့်လှစ်ခဲ့သည့်ဟိုတယ်ဇုန်အတွင်း ဝန်ထမ်း ၁ ဦး ဒဏ်ရာများဖြင့်သေဆုံးခဲ့ပြီးနောက် ဟိုတယ်ဇုန်ကို ယာယီပိတ်ထားရသည်ဟု သိရသည်။
မာန်အောင်မြို့နယ်၊ ကအီးကျေးရွာနှင့် မိန်းမကြွယ်ကျေးရွာအကြားရှိ ဟိုတယ်ဇုန်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း ၁ ဦးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်က ဟိုတယ်ဇုန်အတွင်းရှိဆည်တွင် ဒဏ်ရာများဖြင့်သေဆုံးခဲ့မှုကြောင့် ယာယီပိတ်ထားရခြင်းဖြစ်သည်ဟု ဟိုတယ်ဇုန်မန်နေဂျင်းဒါရိုက်တာ ဦးဝင်းလှိုင်က နိရဥ္စရာကို ပြောသည်။
“လောလောဆယ် အမှုမှန်ပေါ်ပေါက်ဖို့အတွက် ဟိုတယ်ကို ယာယီခဏလေးပိတ်ထားတဲ့သဘောပါ။ ခုလိုပိတ်ထားရတော့ ဟိုတယ်အတွက်ရော၊ ဝန်ထမ်းအတွက်ရော အများကြီးနစ်နာမှုရှိတာပေါ့။ ဘာလို့လဲဆိုတော့ ဒီဟိုတယ်က မာန်အောင်ကျွန်းဖွံံ့ဖြိုးတိုးတက်ဖို့အတွက် ပထမခြေလှမ်းပဲလေ။ ပထမခြေလှမ်းမှာပဲ ဟိုတယ်ဖွင့်ခါစမှာ မမျှော်လင့်ဘဲ ပြဿနာလေးတွေဖြစ်နေတဲ့အတွက် ဝန်ထမ်းတွေမှာရော၊ မာန်အောင်မြို့နယ်သူ၊ မြို့နယ်သားတွေရော ဖွံ့ဖြိုးတိုးတက်ဖို့ဟာတွေရော လောလောဆယ်နှောင့်နှေးသွားတာပေါ့။ အများကြီးနစ်နာတာပေါ့။ ဒါကြောင့် အမှုမှန်ကို အမြန်ဆုံးပေါ်ပေါက်စေချင်ပါတယ်”ဟု ပြောသည်။
မာန်အောင်ဟိုတယ်ဇုန်ကို မာန်အောင်အများပိုင်ကုမ္ပဏီက ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင်စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင်ဆောက်လုပ်ပြီးစီးကာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ဟိုတယ်ဇုန်အတွင်းခရီးသည်များတည်းခိုနိုင်သည့်ဘန်ဂလိုအလုံး ၈ဝ ခန့်ရှိပြီး လက်ရှိတွင် လူသေဆုံးမှုကြောင့် ယာယီပိတ်ထားရသည်ဟု သိရသည်။
သေဆုံးသူမှာ ဟိုတယ်ဇုန်တွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစတင်ကာ စားဖိုမှူးအဖြစ်တာဝန်ထမ်းဆောင်နေသည့် မာန်အောင်မြို့နယ်၊ ကုန်းခြင်းကျေးရွာမှ ကိုမင်းထက်ဝေ (၂၁ နှစ်) ဖြစ်သည်။
ယင်းသို့တာဝန်ထမ်းဆောင်နေစဉ် ဖေဖော်ဝါရီလ ၂ ရက် ညဉ့် ၂ နာရီက သူအလုပ်လုပ်နေသည့်ဟိုတယ်အတွင်းမှ ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၅ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် ဟိုတယ်ဝန်ထမ်းများက ဟိုတယ်ဇုန်အတွင်းရှိဆည်၌ ဒဏ်ရာများဖြင့်သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ မျက်နှာ၊ လည်ပင်း၊ နှုတ်ခမ်းနှင့် မျက်ခမ်းအောက်တို့တွင် ထိုးသွင်းဒဏ်ရာများကိုလည်း တွေ့ရှိခဲ့သည့်အတွက် အသတ်ခံရခြင်းဖြစ်နိုင်သည်ဟု မိသားစုဝင်များက ယူဆနေကြသည်။
ယခုကိစ္စကို သက်ဆိုင်ရာက အမြန်ဆုံးအမှုမှန်ပေါ်ပေါက်အောင်ဆောင်ရွက်ပေးရန်နှင့် မဆောင်ရွက်နိုင်ပါက လူထုအင်အားဖြင့် အမှုမှန်ပေါ်ပေါက်စေရန် ဆန္ဒပြတောင်းဆိုသွားမည်ဟု သေဆုံးသူ၏ဦးလေးဖြစ်သူ မာန်အောင်မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်သန်းက ပြောသည်။
“လူတောထဲမှာအတူတူနေပြီး ပျောက်သွားတာမျိုး လုံးဝလက်မခံနိုင်ဘူး။ သူရဲ့ခန္ဓာကိုယ်မှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ဆိုတော့။ မျက်နှာတစ်ခုလုံးလည်းရစရာမရှိ။ အဲ့ဒါကိုမဖော်ထုတ်နိုင်ဘူးဆိုရင် နောက်နောင်မှာလည်း ဒီလိုမျိုးအဖြစ်ဆိုးတွေမကြုံဘူးလို့ ပြောလို့မရဘူးလေ”ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဆားချက်တိုက်နယ်ရဲစခန်းမှ ဒုရဲအုပ်နေလင်းထွန်းက သံသယရှိသူအချို့ကို စစ်ဆေးနေဆဲဖြစ်ပြီး ထူးခြားမှုမရှိသေးဟု နိရ ဉ္စရာကို ပြောသည်။
လက်ရှိတွင် အဆိုပါအမှုနှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်စေရန် မိသားစုဝင်များ၊ ဟိုတယ်ဝန်ထမ်းများနှင့် မာန်အောင်မြို့သူ၊ မြို့သူများက လိုလားနေကြကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/5213720131973355