လူငယ်စာရေးဆရာ မင်းဒီပါအမှုအား လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့် ချနိုင်ဖွယ်ရှိ

By Western News/ 2022 February 18

PDF နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်ဖြင့်တရားစွဲခံထားရသည့် မြောက်ဦးဒေသခံ လူငယ်စာရေးဆရာ ကိုမင်းဒီပါအမှုအားယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က မြောက်ဦးခရိုင် တရားရုံးတွင် နှစ်ဖက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြသည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေကပြောသည်။

ယနေ့ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများ အပြီးသတ်လျှောက်လဲချက်ပြုလုပ်ခဲ့ကြပြီး လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချနိုင်သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ အထက်တန်းရှေ့နေ ဦးကျော်စိုးလင်းက Western News ကိုပြောသည်။

” ဒီနေ့ရုံးချိန်းမှာတော့ နှစ်ဖက်ရှေ့နေတွေက အပြီးသတ်လျှောက်လဲချက်တွေပြုလုပ်ခဲ့ကြတယ်။ လာမည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ရုံးချိန်းမှာတော့ အပြီးသတ်အမိန့်ချမှတ်သွားဖွယ်ရှိတယ်”ဟုပြောသည်။

လူငယ်စာရေးဆရာ မင်းဒီပါအား ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့က ၎င်း၏နေအိမ်မှ အရပ်ဝတ်ဖြင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကာ မြောက်ဦးမြို့မ ရဲစခန်းမှူး ဒုရဲမှူးစောတင်က တရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် PDF နှင့် ဆက်စပ်သည်ဟု ဆိုကာဖမ်းဆီးတရားစွဲခံထားရသူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦးအထိရှိလာပြီးဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/467760545030455

Leave a Reply

Your email address will not be published.