ရေပြတ်တောက်နေသည့် မင်းပြားမြို့မှ ရပ်ကွက် ၄ ခုသို့ ဖလောင်းပြင်ဆည်မှရေကို စမ်းသပ်ထုတ်လွှတ်

By Narinjara / 2022 February 09

မြထွီးသျှင်

Photos – Hnin Hnin Yee facebook

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ရေပြတ်တောက်နေသည့်ရပ်ကွက် ၄ ခုသို့ မြို့နှင့် ၃ မိုင်အကွာရှိ ဖလောင်းပြင်ဆည်မှရေများကို ပိုက်လိုင်းများမှတဆင့် စမ်းသပ်ထုတ်လွှတ်ပေးနေပြီဟု သိရသည်။

ဖေဖော်ဝါရီလ ၇ ရက်မှစတင်စမ်းသပ်ထုတ်လွှတ်ပေးနေခြင်းဖြစ်ပြီး ၅၀ ရာခိုင်နှုန်းသာ ထုတ်လွှတ်ပေးနိုင်သေးသည်ဟု ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်နှင်းနှင်းရီက နိရဥ္စရာသို့ ပြောသည်။

“ပိုက်လိုင်းနိမ့်တဲ့အိမ်တွေကတော့ ရေအရင်ရောက်တယ်။ အိမ်ထဲကိုရောက်သွားပြီဆိုတော့ ပိုက်လိုင်းကမြင့်သွားတယ်၊ အဲဒီထဲကိုကျတော့ ရေရောက်ရှိမှုနည်းတယ်။ စမ်းလွှတ်နေတာ ၇ ရက်နေ့လောက်ကတော့ ကောင်းကောင်းရတယ်” ဟု ပြောသည်။

မင်းပြားမြို့တွင် ရပ်ကွက် ၈ ခုရှိသည့်အနက် ဥက္ကာပျံရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ စျေးဟောင်းပိုင်းရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်စသည့် ရပ်ကွက် ၄ ခုသည် မြို့အနီးရှိ ဂရင်ဂျိုင်ဆည်မှရေများကို ပိုက်လိုင်းများမှတဆင့်သုံးစွဲနေရသည်ဟု သိရသည်။

ပြီးခဲ့သည့်ဇန်နဝါရီလနောက်ဆုံးအပတ်မှစ၍ ဂရင်ဂျိုင်ဆည်တွင်ရေခမ်းခြောက်သွားသဖြင့် အဆိုပါရပ်ကွက်များတွင် သောက်သုံးရေအခက်အခဲဖြစ်နေ၍ ဖလောင်းပြင်ဆည်မှရေများကို ယခုကဲ့သို့ စမ်းသတ်ထုတ်လွှတ်ပေးနေရခြင်းဖြစ်ပြီး လာမည့် ဧပြီလအထိ ထုတ်လွှတ်ပေးနိုင်ရန် ခန့်မှန်းထားသည်ဟု ဒေါ်နှင်းနှင်းရီက ဆက်ပြောသည်။

လက်ရှိတွင် ရေရရှိမှု နည်းနေသေးသည်ဟု မင်းပြားဥက္ကာပျံရပ်ကွက်မှ ကိုဦးကျော်ဌေးက ပြောသည်။

“ဂရင်ဂျိုင်ဆည်ကလောက် မရဘူး။ ဂရင်ဂျိုင်ကတော့ တောင်ပေါ်မှာဆည်လုပ်ထားတာဆိုတော့ အမြင့်ကကျလာတာဆိုတော့ ဖိအားကောင်းပြီး ၃၊ ၄ ပေလောက်မြင့်တဲ့ ရေကန်တွေကိုလည်း ဝင်နိုင်တဲ့အတိုင်းအတာရှိတယ်။ ဖလောင်းပြင်ကကျတော့ စက်နဲ့တွန်းရတာဆိုတော့ ဖြတ်သန်းလာရတဲ့အကွာအဝေးကလည်း များလို့ မြို့ထဲကို ရောက်တဲ့ရေအားကနည်းသေးတယ်” ဟုပြောသည်။

မင်းပြားမြို့အနီးတွင် ဂရင်ဂျိုင်ဆည်၊ ဖလောင်းပြင်ဆည်နှင့် မြောင်းကြီးဆည်ဟူ၍ ဆည် ၃ ခုနှင့် ရေကန် ၃၄ ကန်ရှိကြောင်း သိရသည်။

လက်ရှိအချိန်ထိ ထိုဆည်များမှ ရေကိုလုံလုံလောက်လောက်ပေးဝေနိုင်ခြင်းမရှိသေး၍ နွေရာသီရောက်တိုင်း မင်းပြားတွင် သောက်သုံးရေရှားပါးမှုနှင့် နှစ်စဉ်ကြုံနေရကြောင်း ဒေသခံများက ပြောသည်။

https://www.facebook.com/narinjara.info/posts/5198064076872294

Leave a Reply

Your email address will not be published.