ရာမောင်တံတားဖွင့်ပွဲသို့ တက်ရောက်ရန် ဒေသခံများအား ငွေကျပ် ၃၀၀၀ ပေး၍ ခေါ်ယူမှုရှိခဲ့

By Western News/ 2022 February 09

Photos – Thay Kan Youths Association

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့က စစ်တွေ-ရန်ကုန် ကားလမ်းရှိ ရာမောင်တံတားသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် မင်းပြားမြို့နယ်မှ ဒေသခံများအား ခရီးစရိတ် ၃၀၀၀ ပေး၍ ခေါ်ယူမှုရှိခဲ့ကြောင်း ခေါ်ယူခံခဲ့ရသည့် ကျေးရွာအုပ်စု ဒေသခံများကပြောသည်။

အဆိုပါ တံတားဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန်အကြောင်းကြားခံရသည့် ကျေးရွာအုပ်စုတို့မှာ မင်းပြားမြို့နယ်ရှိ နရမ်းကျေးရွာအုပ်စု၊ ရွာပြင်ကျေးရွာအုပ်စုနှင့် စမ္ဘလေကျေးရွာအုပ်စုတို့ဖြစ်ကြောင်းသိရသည်။

တံတားဖွင့်ပွဲသို့သွားလိုသူများအား ခရီးစရိတ်ပေးမည်ဖြစ်ကြောင်း ကျေးရွာများအတွင်း ဆော်ဩမှုရှိခဲ့သော်လည်း တစ်စုံတစ်ဦးမှ အဆိုပါ တံတားဖွင့်ပွဲအခမ်းအနားသို့ သွားရောက်ခြင်းမရှိခဲ့ဟု ရွာပြင်အုပ်စုတွင်ပါဝင်သည့် ခေါင်းလောင်းရွာမှ ဒေသခံတစ်ဦးက ပြောသည်။

“မြို့နယ်အုပ်ချုပ်ရေးပိုင်းကခေါ်ပြောတယ်လို့ကြားပါတယ်။ ကျနော်တို့အုပ်စုက အခမ်းအနားလာတက်ဖို့ လူ ၅၀ ပေးရမယ်ဆိုပြီးတော့လေ။ အဲ့တော့ ရွာကအုပ်ချုပ်ရေးမှူးက ရွာသားတွေသိနိုင်ဖို့ ရွာမှာဆော်ဩတယ်။ သွားတဲ့လူကို ဟိုက တစ်ယောက်ကို ၃၀၀၀ ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် တစ်ယောက်မှ မသွားလိုက်ပါဘူး” ဟုပြောသည်။

ထို့အပြင် စမ္ဘလေအုပ်စုမှလည်း လူ ၁၅၀ ခန့်ပေးရမည်ဟုဆိုကာ တောင်းခံမှုရှိခဲ့ပြီး အခမ်းအနားလာရောက်သူများအား ခရီးစရိတ်နှင့် တာဝန်ကဒ်ပြားများပေး၍ ဝင်ခွင့်ပြုမည်ပြောကြောင်း အုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။

“ကျနော်တို့အုပ်စုက လူ ၁၅၀ တောင်းတယ်။ လာတဲ့သူတွေကို ခရီးစရိတ်ပေးမယ်။ ပြီးတော့ ရင်ဘတ်မှာထိုးတဲ့ တာဝန်ကဒ်ပြားလေးတွေပေးမယ်လို့ပြောတယ်။ ရွာပြင်အုပ်စုနဲ့ နရမ်းအုပ်စု သူတို့ ၂ အုပ်စုကပေါင်းပြီး လူ ၁၅၀ တောင်းတယ်။ ကျနော်တို့ အုပ်စုကတော့ သွားမယ့်လူလည်းမရှိဘူး။ ကျန်တဲ့အုပ်စုတွေလည်း မသွားကြဘူး” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးစိုးမိုး အားWestern News က ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

အဆိုပါ နရမ်း၊ ရွာပြင်နှင့် စမ္ဘလေအုပ်စုတို့မှာ ရာမောင်တံတားနှင့် ၂ မိုင် ၃ မိုင်အကွာဝေးရှိသည့်ကျေးရွာအုပ်စုများဖြစ်ပြီး ၎င်းကျေးရွာများမှ လူဦးရေ ၃၀၀ ခန့် ဖွင့်ပွဲသို့တက်ရောက်ရန် တောင်းခံလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့ကပြုလုပ်သည့် အဆိုပါရာမောင်တံတားဖွင့်ပွဲသို့ စစ်ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာ အောင်ကျော်မင်း၊ ဦးမန်းငြိမ်းမောင်၊ တစ်ခြားပြည်နယ် ဝန်ကြီးအချို့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရာမောင်တံတားဖွင့်ပွဲအခမ်းအနားတွင် အဆိုပါ တာဝန်ရှိသူများအပါအဝင် စုစုပေါင်း လူဦးရေ ၁၄၀ ဝန်းကျင်ခန့် တက်ရောက်မှုရှိခဲ့ကြောင်း သိရသည်။

နရမ်းကျေးရွာ အုပ်စုမှာ ကျေးရွာပေါင်း ၇ ရွာခန့်နှင့် အိမ်ခြေ ၃၀၀၀ ခန့်၊ စမ္ဘေလအုပ်စုတွင် အိမ်ခြေ ၂၀၀၀ ခန့်နှင့် ရွာပြင်အုပ်စုတွင် ခေါင်းလောင်းရွာအပါအဝင် ရွာသစ်၊ ရွာဟောင်းကျေးရွာများရှိပြီး အိမ်ခြေအားဖြင့် ၂၈၀ ခန့်ရှိကြောင်း သိရသည်။

https://www.facebook.com/westernnewsagency/posts/462340418905801

Leave a Reply

Your email address will not be published.