ရမ္မာဝတီ လှေလှော်ပြိုင်ပွဲကို မေလတွင်ကျင်းပမည်

By Development Media Group (DMG)/ 2022 February 15

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် ရခိုင်ရိုးရာလှေလှော်ပြိုင်ပွဲကို ယခုနှစ်မေလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိ (၅)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

ယခင်က လှေလှော်ပြိုင်ပွဲအတွင်း အသင်း ၁၅ သင်းခန့်သာပါဝင်ခဲ့ပြီး ယခုနှစ်တွင် အခြားမြို့နယ်များမှအသင်းများပါ ပါဝင်နိုင်ရန်စီစဉ်နေကြောင်း လှေလှော်ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီဝင် ကိုထွန်းနိုင်ကပြောသည်။

“အခုနှစ်ကတော့ ရမ်း​ဗြဲကအသင်း ၂၀ လောက်ပါဝင်ဖို့ရှိတယ်။ အခြားမြို့နယ်တွေက ဝါသနာရှင်တွေကိုလဲဖိတ်ဖို့ရှိတယ်။ ဒီနှစ်အသင်းများမဲ့အနေအထားရှိနေတော့ ၅ ရက်ထိ ကျင်းပသွားဖို့စီစဉ်ထားတယ်”ဟု ၎င်းကပြောသည်။

လက်ရှိ လှေလှော်ပြိုင်ပွဲကျင်းပရန်အတွက် ရန်ပုံငွေကို ကံစမ်းမဲ ရောင်းချကာရှာဖွေနေပြီး ရိုးရာလှေလှော်ပြိုင်ပွဲဖြစ်မြောက်စေရန် အခြားမြို့နယ်မှ ပြည်သူများအနေဖြင့် ကံစမ်းမဲဝယ်ယူကာ အားပေးစေလိုကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီက ပြောဆိုသည်။

လှေလှော်ပြိုင်ပွဲအတွင်း ဆုကြေးများအနေဖြင့် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများသတ်မှတ်ထားပြီး ယခင်နှစ်ထက် ဆုကြေးငွေများကိုပိုမိုပေးနိုင်ရန်စီစဉ်ထားကြောင်း သိရသည်။

ယခုနှစ်အတွင်းတွင် လှေလှော်ပြိုင်ပွဲကိုကျက်သရေအနေဖြင့် ပါဝင်နိုင်ရန်အတွက် ပြင်ဆင်လျက်ရှိကြောင်း ကျက်သရေကျေးရွာမှ ဦးမောင်လှကြည်ကပြောသည်။

“ဒီနှစ်လဲ ကျက်သရေက ပါဝင်ယှဉ်ပြိုင်ဖို့ရှိပါတယ်။ ပါဝင်ယှဉ်ပြိုင်မယ်ဆိုတော့ လှေတွေကိုပြန်ပြင်ရမယ်ပေါ့။ အဆင်သင့်ဖြစ်ဖို့အတွက်ကိုလဲပြင်ဆင်နေတယ်”ဟု ၎င်းကပြောသည်။

ရမ္မာဝတီလှေလှော်ပြိုင်ပွဲသည် ရခိုင်ပြည်နယ်အတွင်း လူသိများထင်ရှားသော လှေလှော်ပြိုင်ပွဲတစ်ခုဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2225994550886277

Leave a Reply

Your email address will not be published.