ရခိုင် MSME လုပ်ငန်းရှင်များအသင်းဖွဲ့စည်းရန် လုပ်ငန်းရှင်များကို ဖိတ်ခေါ်

By Development Media Group (DMG)/ 2022 February 11

Photo _ MSME Association Rakhine

ရခိုင်ပြည်တွင် အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရန်ဆောင်ရွက်နေပြီး လုပ်ငန်းရှင်များကိုလည်း ပူးပေါင်းပါဝင်ကြရန်ဖိတ်ခေါ်ကြောင်း  MSME Association Rakhine ဖြစ်မြောက်ရေး (ယာယီကော်မတီ) မှ ဒုဒုဥက္ကဋ္ဌဖြစ်သူ ဦးစိုးဝင်းနိုင်က DMG သို့ ပြောသည်။

အခြားတိုင်းနှင့်ပြည်နယ်အသီးသီးတွင် MSME အသင်းအဖွဲ့များ ရှိနေပြီဖြစ်သော်လည်း ရခိုင်ပြည်တွင် မရှိသေးးသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် ရခိုင်ပြည်ရှိ အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များဖြင့် ပူးပေါင်းကာ လာမည့် မတ်မလ ၂၇ ရက်နေ့တွင် စစ်တွေမြို့၌ အသင်း၏ ရွေးကောက်ပွဲကို ပြုလုပ်သွားရန် ရည်ရွယ်ထားကြောင်း သူကဆိုသည်။

“MSME လုပ်ငန်းရှင်တွေ တစ်ဦးချင်းရပ်တည်ပြီး လုပ်နေတဲ့အခါ အခွင့်အလမ်းတွေကို Information ရဖို့မလွယ်ဘူး။ ချေးငွေတွေကိုဆိုရင်လည်း ဘယ်ကနေချေးလို့ ချေးရမယ်မှန်း မသိကြဘူး။ ပြီးတော့ အသင်းအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေနဲ့ ဘယ်လိုဆက်စပ်ပြီး လုပ်ရမယ်ဆိုတာကိုလည်း မသိကြတာတွေ ရှိတယ်။ အသင်းဝင်ထားလိုက်ခြင်းဖြင့် ဒါတွေအဆင်ပြေလာစေမှာပါ” ဟု ဦးစိုးဝင်းနိုင်ကပြောသည်။

မိမိတို့အနေဖြင့် လုပ်ငန်းရှင်များအချင်းချင်း နည်းပညာများဖလှယ်ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များအား ပြည်နယ်အတွင်းလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးနိုင်ရန်၊ သတင်းအချက်အလက်၊ အသိပညာဗဟုသုတများကို ခေတ်ကာလနှင့်လျော်ညီအောင် ပြည်နယ်အတွင်း လုပ်ငန်းရှင်များအား ပံ့ပိုးကူညီမှုများစီစဉ်ဆောင်ရွက်ပေးနိုင်ရန်၊ ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းများပေါ်ထွန်းလာလာစေရန်နှင့် လုပ်ငန်းစတင်ရန်စိတ်ကူးရှိပြီး ပြင်ဆင်နေသူများ (Start-Up) ၏ တီထွင်ရရှိသော ထုတ်ကုန်များအား စျေးကွက်အတွင်းသို့ ရောက်ရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ယုကဲ့သို့ ဖွဲ့စည်းရခြင်းဖြစ်ကြောင်းကိုလည်း သူကဆိုသည်။

“လုပ်ငန်းရှင်တွေ တော်တော်များများ အဆင်ပြေတယ်ဆိုရင် လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပြီးပေါ်လာမယ်။ နိုင်ငံအတွင်းမှာလည်း အခြားတိုင်းနဲ့ပြည်နယ်က လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပြီး လုပ်နိုင်လာမယ်။ ဒါဆိုရင် ရခိုင်ပြည်အနေနဲ့လည်း ပိုပြီး ဖွံ့ဖြိုးတိုးတက်လာမှာပေါ့” ဟု ဦးစိုးဝင်းနိုင်ကရှင်းပြသည်။

MSME လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အဖွဲ့သို့ အဖွဲ့ဝင်အဖြစ်ပါဝင်လိုပါက လူမှုကွန်ယက်စာမျက်နှာ (Facebook) ရှိ MSME Association Rakhine Page တွင် ဝင်ရောက်လေ့လာ ဆက်သွယ်စုံစမ်းနိုင်သည်။ 

ရခိုင်ပြည်တွင် MSME အဖွဲ့မှာ လိုအပ်နေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်နေပြီး ယခုကဲ့သို့ ပေါ်ပေါက်လာမည့်အပေါ် များစွာကြိုဆိုကြောင်းနှင့် မိမိတို့အနေဖြင့်လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌဖြစ်သူ ဦးတင်အောင်ဦးက ဆိုသည်။

“SME လုပ်ငန်းရှင်တွေက အကုန်စုစည်းပြီး လုပ်မှသာ သူတို့လိုအပ်တာတွေ၊ စျေးကွက်ချိတ်ဆက်မှုတွေကို ပိုပြီးအားကောင်းလာစေမှာဖြစ်ပါတယ်။ နောက်ပြီး နည်းပညာပိုင်းတွေကို အသင်းအဖွဲ့နဲ့ရှာရင် ပိုပြီးထိရောက်တာပေါ့။ ပြီးတော့ မြန်မာနိုင်ငံ MSME အသင်းကိုလည်း ဖွဲ့စည်းထားပြီးဖြစ်တဲ့အတွက် သူတို့နဲ့ ချိတ်ဆက်နိုင်ဖို့အတွက်ကိုလည်း ကူညီပေးနေတာတွေရှိပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် MSME လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မိမိတို့ထုတ်ကုန်များကို FDA ထောက်ခံချက် ရရှိရေးအတွက် ဆောင်ရွက်ရာတွင် အခက်အခဲရှိနေကြောင်းနှင့် စျေကွက် ရှာဖွေချိတ်ဆက်ရာတွင်လည်း အခက်အခဲရှိနေကြေကြောင်း MSME လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

မြန်မာနိုင်ငံရှိ လုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ MSME လုပ်ငန်းများဖြစ်ကြပြီး ၂၀၁၅ ခုနှစ် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေတွင် ထုတ်လုပ်မှု လုပ်ငန်း၊ လုပ်အားအခြေပြုထုတ်လုပ်မှု လုပ်ငန်း (CMP အပါအဝင်)၊ လက်ကားရောင်းဝယ်ရေး လုပ်ငန်း၊ လက်လီရောင်းဝယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းနှင့် အခြားလုပ်ငန်းများကို SME (အသေးစားစက်မှုလက်မှုလုပ်ငန်း) လုပ်ငန်းအဖြစ် သတ်မှတ်ထားသည်။

https://www.facebook.com/dmgnewsagency/posts/2222973244521741

Leave a Reply

Your email address will not be published.