ရခိုင်မြို့နယ် ၃ ခု အင်တာနက်ဖြတ်တောက်ခံရ

By Narinjara / 2022 February 12

ချစ်အိလှိုင်

ဓာတ်ပုံ – ၂ဝ၂ဝ ပြည့်နှစ်၊ ဖေဖော်လအတွင်းက အင်တာနက်လိုင်းပြန်ဖွင့်ပေးရေး စစ်တွေတွင် ဆန္ဒပြတောင်းဆိုခဲ့စဉ်။

ရခိုင်ပြည်နယ်ရှိမြို့နယ် ၃ ခုတွင် ယနေ့နံနက်မှစ၍ အင်တာနက်ဖြတ်တောက်ခံထားရကြောင်း သိရသည်။

အင်တာနက်ဖြတ်တောက်ခံနေရသည့် မြို့နယ်များမှာ စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲမြို့နယ်တို့ဖြစ်ကြသည်။

ကျောက်ဖြူမြို့နယ်မှ ကုလရက္ခတိအဖွဲ့ဥက္ကဋ္ဌဦးဂျပန်ကြီးက “ခေတ်ကိုက အိုင်တီခေတ်။ အင်တာနက်မရှိရင် ဘယ်လိုလုပ်မလဲ။ ဘဏ်စနစ်တွေကအစ ရပ်သွားတယ်။ ပြည်ထောင်စုနေ့ကိုအကြောင်းပြပြီး ပြည်သူလူထုကို သူတို့ ပြောတဲ့အတိုင်း၊ ထားတဲ့အတိုင်းနေရမယ်ဆိုပြီး လုပ်သလိုမျိုးဖြစ်နေတယ်” ဟုပြောသည်။

သံတွဲမြို့နယ်တွင်လည်း အင်တာနက်ဖြတ်တောက်ခံထားရသဖြင့် အခက်အခဲများဖြစ်နေကြကြောင်း ဒေသခံများက ပြောသည်။

အဆိုပါမြို့နယ်များအတွင်း MPT၊ Mytel၊ အော်ရီဒူး၊ တယ်လီနောစသည့်ဆင်းကဒ်များဖြင့် အင်တာနက်သုံးစွဲမရဖြစ်နေသော်လည်း ဝိုင်ဖိုင်တပ်ဆင်ထားသည့်နေရာများတွင် အင်တာနက်လိုင်းအသုံးပြု၍ရနေကြသည်ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ မြို့အများအပြားတွင် ယနေ့ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၄ နာရီမှ ည ၁၁ နာရီအထိ အင်တက်နက်လိုင်းများပြတ်တောက်မည်ဟု ယမန်နေ့ညက လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် ယခုကဲ့သို့ဖြတ်တောက်ခံလိုက်ရခြင်းဖြစ်သည်။

ရခိုင်တွင် လွန်ခဲ့သည့် ၂ဝ၁၈ ခုနှစ်မှစ၍ ရက္ခိုင့်တပ်တော်(AA)နှင့်မြန်မာစစ်တပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့စဉ်အတွင်း ရခိုင်မှ မြို့နယ် ၈ ခုအပါအဝင် ပလက်ဝမြို့နယ်တို့သည် အင်တာနက်လိုင်း ၁ နှစ်ကျော်ဖြတ်တောက်ခံခဲ့ရသည်။

အဆိုပါမြို့နယ်များတွင် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်အတွင်း အာဏာသိမ်းမှုဖြစ်စဉ်အပြီး အဆိုပါမြို့နယ်များတွင် ဖေဖော်ဝါရီလ ၂ ရက်မှစတင်ကာ အင်တာနက်လိုင်းပြန်လည်ရရှိခဲ့သည်။

https://www.facebook.com/narinjara.info/posts/5206632122682156

Leave a Reply

Your email address will not be published.