By Western News/ 2022 February 15
ရခိုင်ပြည်နယ်တွင် ဖေဖော်ဝါရီ ၈ ရက်နေ့မှ ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့သူ ၃၄ ဦးထိရှိခဲ့သည်ကို ရခိုင်ကိုဗစ်စောင့်ကြည့်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။
ဖေဖော်ဝါရီ ပထမအပတ်တွင် ကိုဗစ်ပိုးတွေ့သူ ၄ ဦးသာရှိခဲ့သော်လည်း ဒုတိယပတ်ထဲတွင် ၃၄ ဦးထိမြင့်တက်လာနေပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့ ၁ ရက်အတွင်း ၁၀ ဦးကျော်အထိ ကိုဗစ်ပိုးတွေ့ရှိရသည်။
ရခိုင်ရှိ ၁၇မြို့နယ်ထဲတွင် စစ်တွေမြို့မှာ ပိုးတွေ့နှုန်းအများဆုံးဖြစ်ပြီး လေယာဉ်စီးမည့်ခရီးသည်များကို ကိုဗစ်စစ်ဆေးရာမှ အများဆုံး ကိုဗစ်ပိုးတွေ့ရှိနေခြင်းဖြစ်သည်။
ကိုဗစ်ပိုးတွေ့မှုများလာနေသလို လက်ရှိတွင်လည်း ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်မှာ မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှ့နေပြီဖြစ်သည့်အတွက် ကိုဗစ်ပိုးတွေ့သူများကို အိုမီခရွန် ဟုတ်၊ မဟုတ်စစ်ဆေးသွားမည်ဟု ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနကပြောဆိုသည်။
ဖေဖော်ဝါရီဒုတိယပတ်အတွင်း ကိုဗစ်ပိုးတွေ့နှုန်းဆက်တိုက် မြင့်တက်နေသည့်အတွက် ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးလျှင်လည်း လေယာဉ်ဖြင့်ခရီးသွားမည်ဆိုပါက ကိုဗစ်ထပ်မံစစ်ဆေးရမည်ဟု ရခိုင်ပြည်နယ်ကျန်း မာရေးဦးစီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်အတိုင်းအတာအနေဖြင့် ကိုဗစ်တတိယလှိုင်းအတွင်း ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ ကိုဗစ်ပိုးကူးစက်ခံရသူ ၅၂၈၆ ဦးနှင့် သေဆုံးသူ ၅၀၁ ဦးထိရှိနေပြီဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖေဖော်ဝါရီ ၁၄ ရက် နေ့အထိ ကိုဗစ်ကူးစက်ခံရ သူ ၅၄၈၃၅၇ ဦးထိရှိနေပြီး သေဆုံးသူ ၁၉၃၁၁ ဦးဟုရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ယင်းပြင် ကိုဗစ်မျိုးကွဲသစ်အိုမီခရွန်မှာလည်း မြန်မာနိုင်ငံအတွင်း လူဦးရေ ၃၀၀ ကျော်ကူးစက်ခံနေရပြီဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက် အရသိရသည်။
https://www.facebook.com/westernnewsagency/posts/465839181889258