By Western News/ 2022 February 11

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းမှစ၍ မြေဆီဈေးနှုန်းများမြင့်တက်လာနေခြင်းဖြစ်ပြီး လက်ရှိတွင် ဈေးနှုန်း ၄ သောင်းကျော်မှ ၉ သောင်းကျော်အထိမြင့်တက်နေပြီဖြစ်ကြောင်း မြေဆီအရောင်းဆိုင်များမှ သိရသည်။
လက်ရှိတွင် မြေဆီ(အမဲ) တစ်အိတ်ကို ၆၆၀၀၀ ခန့်ရှိပြီး၊ မြေဆီ(အဖြူ) တစ်အိတ်ကို ၈၉၀၀၀ ကျပ်နှင့် ၉၀၀၀၀ ကျပ် အထိရှိသည်ဟု အာရှရွှေသရဖူမြေဆီအရောင်းဆိုင်ကပြောသည်။
“အခုက မြေဆီအမဲကတော့ ၆၆၀၀၀၊ အဖြူကတော့ အလုံးသေး အလုံးကြီး အစားစားရှိတယ်။ ဈေးကတော့ ၈၉၀၀၀ တစ်မျိုးရှိတယ်၊ ၉၀၀၀၀ တစ်မျိုးရှိတယ်” ဟု၎င်းဆိုင်မှပြောသည်။
ယခင် ၂၀၂၀ ခုနှစ်မတိုင်မီ မြေဆီဈေးနှုန်းများမှာ ၃ သောင်းကျော်ခန့်လောက်သာရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဇွန်လ အတွင်းမှစ၍ ၄၀၀၀၀ ကျော်မှ ၆၀၀၀၀ သောင်းကျော်အထိ ဈေးနှုန်းရှိခဲ့ပြီး ယခု ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဈေးနှုန်း ၉၀၀၀၀ အထိရှိလာခြင်းဖြစ်သည်။
မြေဆီဈေးနှုန်းမြင့်တက်မှုကြောင့် လယ်သမားများနှင့် ဆောင်းသီးနှံ စိုက်ပျိုးသူများအခက်ကြုံခဲ့ရပြီး လယ်သမားများတွင်လည်း မြေဆီအသုံးပြုမှုလျော့နည်းသည့်အတွက် စပါးအထွက်နှုန်းများလည်း ကျဆင်းခဲ့သည်။
မြေဆီဈေးနှုန်းအပြင် တစ်ခြားစားသောက်ကုန် လူသုံးကုန်ပစ္စည်းများမှာလည်း ပြီးခဲ့သည့် ခုနှစ်မှစ၍ ဆက်တိုက်မြင့်တက်မှူရှိနေပြီး ပြည်တွင်းရှိ အခြေခံလူတန်းစားများမှာ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် စားဝတ်နေရေးအခက်ကြုံလျှက်ရှိကြသည်။
https://www.facebook.com/westernnewsagency/posts/463498215456688