ရခိုင်တွင် အိုမီခရွန်ကိုဗစ်ပိုးကူးစက်ခံရသူ ၉ ဦးတွေ့ရှိ

By Development Media Group (DMG)/ 2022 February 18

ရခိုင်ပြည်တွင် လက်ရှိကိုဗစ်ပိုးကူးစက်ခံရသူများ ဆက်တိုက်တွေ့ရှိလာနေပြီး ယင်းသို့ကိုဗစ်ရောဂါပိုးကူးစက်ခံရသူများအနက် ၉ ဦး၏ ဓာတ်ခွဲနမူနာများကို ရန်ကုန်သို့ပို့ဆောင်စစ်ဆေးရာ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်တွင် သိရသည်။

ဖေဖေါ်ဝါရီလ ၁၅ ရက်က စစ်တွေတက္ကသိုလ်မှ ဝန်ထမ်း ၅၀ ကျော်နှင့် လေယာဉ်စီးခရီးသည် ၁၀ ကျော်တို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ယင်းအထဲမှ စစ်တွေတက္ကသိုလ်မှ ဝန်ထမ်း ၄ ဦး၊ လေယာဉ်စီးပြီး ခရီးသွားမည့်ပြည်သူ ၅ ဦး၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ်များကိုစစ်ဆေးခဲ့ရာမှ ယင်းသို့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ အတည်ပြုပြောကြားသည်။

“အဲဒီနေ့က (ဖေဖော်ဝါရီ ၁၅ ရက်) စစ်တွေတက္ကသိုလ်က ဝန်ထမ်းလေးဦးနဲ့ လေယာဉ်စီးခရီးသည် ၅ ဦးတို့ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေကို ရန်ကုန်ကိုပို့ဆောင်ပြီး စစ်ဆေးစေတယ်။ အဲဒီလိုပို့ဆောင်စစ်ဆေးတဲ့အခါမှာ သူတို့မှာ အိုမီခရွန်ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်”ဟု ဒေါက်တာစိုးဝင်းပိုင်းကပြောသည်။

လက်ရှိတွင် စစ်တွေတက္ကသိုလ်မှ ဝန်ထမ်းလေးဦးတွင် အိုမီခရွန်ပိုးတွေ့ရှိသော်လည်း ကျောင်းများပိတ်ရန် ညွန်ကြားထားခြင်းမရှိသေးကြောင်း စစ်တွေတက္ကသိုလ်သင်တန်းရေးရာဌာနမှူး ဦးကျော်နိုင်ဦးက DMG သို့ပြောသည်။

“ကျောင်းကတော့ ပုံမှန်တက်နေရတယ်။ ကိုဗစ်တွေ့တဲ့ ဝန်ထမ်းတွေကို စောသန္တာအဆောင်မှာ Quarantine ထားတယ်။ ကျောင်းပိတ်ဖို့အတွက် ညွှန်ငြားထားတာတွေမရှိသေးဘူး။ ကျောင်းသားတွေကို ကိုဗစ်စည်းကမ်းနဲ့အညီ တက်ဖို့အတွက် အစိုးရကညွှန်ကြားထားပါတယ်”ဟု ၄င်းကဆိုသည်။

ရခိုင်တွင် အိုမီခရွန်ပိုးတွေ့ရှိသည့်မှာ မှန်ကန်ပြီး ကိုဗစ်တတိယလှိုင်းအတိုင်း ကိုဗစ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်မှုလုပ်ဆောင်ရန် ကိုဗစ်စည်းကမ်းများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက DMG သို့ပြောသည်။

“အခုလောလောစဉ်တော့ ကိုဗစ်တတိယလှိုင်းပုံစံအတိုင်း ကိုဗစ်စည်းကမ်းတွေလုပ်ဖို့ရှိတယ်။ ရခိုင်မှာအိုမီခရွန်ဖြစ်ရင် ဘယ်လို့ဆောင်ရွက်သွားမယ်ဆိုတာတော့ အစီအစဉ်ရှိပြီးသားပါ။ လောတလောပြောနိုင်တာကတော့ ဆေးရုံ ၊ဆေးခန်းတွေမှာ လူနာတွေကို ဘယ်လိုထားမယ်ဆိုတာ အဆင်သင့်လုပ်ထားတယ်။ နောက်ပြီးတော့ Quarantine Center တွေ လုပ်ထားတယ်။ အောက်ဆီဂျင်စက်ရုံတွေလည်း အဆင်သင့်လုပ်ထားတယ်”ဟု ၄င်းကပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်စစ်ဆေးတွေ့ရှိရမှု ပြန်လည်မြင့်တက်လာသည်နှင့်အညီ ပြည်တွင်းလေယာဉ်စီးခရီးသည်များအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူဖြစ်စေ၊ မထိုးထားသေးသူဖြစ်စေ မည်သူမဆို ၄၈ နာရီအတွင်း Rapid Antigen Diagnostic Test (RDT)နှင့်

ကိုဗစ်ပိုးစစ်ဆေးမူခံရယူရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ လေယာဉ်စီးခရီးသည်များကို ကိုဗစ်စစ်ဆေးရန် ညွှန်ကြားထားသော်လည်း ကုန်လမ်း၊ရေလမ်းခရီးသည်များကို ကိုဗစ်ပိုးစစ်ဆေးရန် ညွှန်ကြားထားခြင်းမရှိသေးကြောင်း ရခိုင်ပြည်နယ်စစ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက DMG ကို ပြောဆိုထားသည်။

ယခုကဲ့သို့ ရန်ကုန်မှ ရခိုင်ပြည်နယ်ကို ကားလမ်းခရီးနှင့်သွားလာနေကြသူများကို ကိုဗစ်ပိုးစစ်ဆေးမှုမရှိသေးသည့်အတွက် ကားလမ်းနှင့်ပြန်လာသည့်ခရီးသည်များကိုလည်း ကိုဗစ်ပိုးရှိ/မရှိစစ်ဆေးသင့်ကြောင်း Rakhine Covid Watch မှ တာဝန်ခံ ကိုထွန်းလှိုင်က ထောက်ပြပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူစုစုပေါင်း ၅၄၃၆ ဦးရှိခဲ့ပြီး သေဆုံးသူ ၅၀၁ ဦးထိရှိခဲ့ကာ လက်ရှိဆေးကုသနေဆဲဦးရေမှာ ၁၇၆ ဦးထိ ရှိကြောင်း ပြည်နယ်စစ်ကောင်စီ၏ စာရင်းအရသိရသည်။

https://www.facebook.com/dmgnewsagency/posts/2228255323993533

Leave a Reply

Your email address will not be published.