ရခိုင်တွင် အိမ်ခြံမြေစျေးကွက်များ ဆက်လက်မြင့်တက်၊ မြို့သစ်စီမံကိန်းများ ဖော်ဆောင်နိုင်မှု အားနည်း

By Western News/ 2022 February 17

ရခိုင်ပြည်နယ်တွင် မြို့သစ်စီမံကိန်းများ ဖော်ဆောင်မှု အားနည်းသောကြောင့် ရခိုင်ပြည်နယ်ရှိ မြို့ပြများတွင် အိမ်ခြံမြေဈေးကွက်များ မြင့်တက်လာခြင်းဖြစ်သည်ဟုအိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်နေသူများကပြောသည်။

အစိုးရမှ တန်ဖိုးနည်းအိမ်ရာများဖော်ဆောင်ပေးမည်ဟု ပြောဆိုမှုများရှိခဲ့သော်လည်း လက်တွေတွင် လုပ်ဆောင်နိုင်ခြင်းမရှိသေးဘဲရှိနေသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရခိုင်ပြည်နယ် အစိုးရနှင့် ကိုးရီးယားအခြေစိုက် BXT International Co. Ltd တို့အကျိုးတူ ပူးပေါင်းဆောင်ရွက်ပြီး မြို့သစ်စီမံကိန်းများပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ အဆိုပါ မြို့သစ်စီမံများတွင် ပြည်သူများ ဝင်ရောက်နေထိုင်မှု မရှိသေးပေ။

ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ဖြစ်သည့် မြောက်ဦးတွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ပြည်နယ်အစိုးရမှ စီစဉ်မှုရှိခဲ့သော မြို့သစ်စီမံကိန်းမှာ လက်ရှိချိန်ထိ အကောင်အထည်မဖော်ဆောင်နိုင်ဘဲ ရှိနေသည်။

လက်ရှိ အိမ်ခြံမြေ ဈေးတက်နေခြင်းမှာ တန်ဖိုးနည်းအိမ်ရာနှင့် မြို့သစ်စီမံကိန်းများ ဖော်ရာတွင်အားနည်းသောကြောင့်ဖြစ်သည်ဟု အစောအိမ်ခြံအကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဒေါ်ခိုင်သီတာစောက Western News ကိုပြောသည်။

” ကျွန်မတို့ဖက်က လူတွေက အိမ်ခြံမြေတွေကို မြို့ထဲက အိမ်ခြံမြေတွေကိုပဲ ဝယ်လိုကြတယ်။ အဲဒါကြောင့် မြေဈေးကွက်တွေက အဆမတန်မြင့်တက်လာကြတာ။ တန်ဖိုးနည်းအိမ်ရာတွေ၊ မြို့သစ်စီမံကိန်းတွေဖော်ဆောင်ရာမှာ အားနည်းချက်တွေရှိတာကြောင့်လည်းဖြစ်တယ်”ဟုပြောသည်။

အိမ်ခြံမြေဈေးနှုန်းများမှာ မြို့၏အချက်အချာကျသောနေရာတွင်ဆိုလျှင် သိန်းထောင်ဂဏန်းမှ သောင်းဂဏန်း အထိရှိနေပြီး ဘိုးဘွားပိုင်ခြံမြေများဆိုလျှင် ပုံမှန်ထက်ဈေးနှုန်းပိုမြင့်ကြောင်းသိရသည်။

စစ်တွေမြို့ကုန်တန်းရပ်ကွက် လမ်းမအနီးရှိ အလျား ၄၀’၊ အနံ ၂၇၀’ ရှိအိမ်ခြံတစ်ခြံကို သိန်း ၁၀,၀၀၀-ကျပ်၊ မြို့လယ်ရပ်ကွက်ဖြစ်သော ရူပမြောက်ရပ်ကွက်တို့တွင် အလျား ၃၅’၊ အနံ ၃၀’ အိမ်ခြံတစ်ခြံကို သိန်း ၁,၀၀၀-ကျပ်၊ မြို့အစွန်ဖက်ကျသော မင်းဂံရပ်ကွက် အကွက် (၃) တွင် အလျား ၄၀’၊ အနံ ၆၀’ ရှိအိမ်ခြံတစ်ခြံကို သိန်း ၈၅၀-ကျပ် စသည်ဖြင့်အသီးသီးရှိကြပြီး အဆိုပါဈေးနှုန်းများမှာနှစ်စဉ်မြင့်တက်မှုရှိနေကြောင်း အိမ်ခြံမြေရောင်းဝယ်သူများ ကဆိုသည်။

ငပလီဖက်တွင် မြို့ထဲဘက်ရှိ အိမ်ခြံမြေဈေးကွက်မှာ သိန်း ၁၀၀၀ ကျော်၊ မြို့ထဲနှင့် မနီးမဝေးသည့်နေရာတွင် သိန်း ၇၀၀ နှင့် ၈၀၀ ကြားတွင်ရှိပြီး ပင်လယ်ကမ်းစပ်မှ အကွာအထက်ပိုင်းဘက်တို့တွင် လယ်မြေတစ်ကွက်ကို သိန်း ၃၀၀ ခန့်ရှိသည်ဟု သိရသည်။

တောင်ကုတ်ဘက်တွင်ဆိုလျှင်လည်း အမြန်လမ်းမဘေး ဈေးဆိုင်တန်းများနှင့်နီးသည့်နေရာမျိုးတွင် လယ်မြေ ၁၆ ဧက တစ်ကွက်ကို သိန်း ၄၀၀၀ ကျော်ခန့်ရှိနေပြီး မြို့ထဲနှင့် မနီးအဝေးသည်နေရာလျှင် ပေ ၄၀၊ ၆၀ တစ်ကွက်ကို သိန်း ၄၀၀ နီးပါးခန့်ရှိနေကြောင်း အိမ်ခြံမြေဆိုင်ရာရောင်းဝယ်သူများထံမှ သိရသည်။

လက်ရှိအိမ်ခြံမြေ ဈေးကွက် မြင့်တက်နေခြင်းမှာ ငွေကြေးတက်နိုင်သူများက ‌ဝယ်ယူရင်းနှီးမြုပ်နှံလာကြပြီး သာမန်ပြည်သူများအတွက် အိမ်ခြံမြေ ဝယ်ယူရန် ခက်ခဲလာနေကြောင်း ရခိုင်စီးပွားရေးဦးဆောင်အများပိုင်ကုမ္ပဏီလီမိတက် မန်နေဂျာဒါရိုက်တာ ဦးခင်မောင်ကြီးက Western News ကိုပြောသည်။

“ အိမ်ခြံမြေ ဈေးကွက်တွေ တက်နေတာတော့မှန်တယ်။ လက်ရှိအခြေနေအရ သာမန်ပြည်သူတွေက် အိမ်ခြံမြေ ဝယ်ယူဖို့ဆိုတာက မလွယ်ကူတော့ဘူး။ ငွေကြေးရင်းနှီးနိုင်သူတွေက အိမ်ခြံမြေတွေကို ဝယ်ယူပြီးရင်းနှီးမြုပ်နှံမှုတွေပြုလုပ်လာကြတယ်။ အဲဒီအပေါ်မှာ အစိုးရကလည်း ပုဂ္ဂိုလိကပိုင်တွေဆိုတော့ ဈေးကွက်ကိုဝင်ရောက် ထိန်းဖို့ခက်တယ်။ ဒါပဲမယ်လည်း အစိုးရတစ်ရပ်အနေနဲ့တော့ သာမန်ပြည်သူတွေ အိမ်ခြံမြေတွေနဲ့ နေနိုင်ဖို့ အတွက် အစဉ်စီတစ်ခုခုတော့လုပ်သင့်တယ်”ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်ပွဲ ၂ နှစ်ကျော်တိုက်ပွဲဖြစ်ပွားမှုကြောင့် တိုက်ပွဲနယ်မြေမှ ငွေကြေးတက်နိုင်သည့် သူများက မြို့ပေါ်သို့ရွေ့ပြောင်းနေထိုင်မှုများရှိလာကြသည်။

https://www.facebook.com/westernnewsagency/posts/467039961769180

Leave a Reply

Your email address will not be published.