ရခိုင်တွင် လူဦးရေ ၁၄ သိန်းကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီး

By Western News/ 2022 February 21

ရခိုင်ပြည်နယ်ရှိ လူဦးရေထဲမှ ဖေဖော်ဝါရီ ၂၀ ရက်နေ့အထိ လူဦးရေ ၁၄ သိန်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားပြီးဖြစ်သည်ဟု ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူကပြောသည်။

ရခိုင်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်အတွက် လျာထားသည့် လူဦးရေ စုစုပေါင်း ၂၀၆၃၁၂၂ဦးရှိပြီး ယင်းထဲမှ ၁၄၂၃၄၄၉ ဦးကို ကိုဗစ်ကာကွယ်ဆေးထိုးနှံထားပြီး ရာခိုင်နှုန်းအားဖြင့် ၆၉ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကပြောသည် ။

“ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့အတွက် လျာထားတဲ့အရေအတွက်ကတော့ ၂၀၆၃၁၂၂ ဦးရှိပါတယ်။ အဲ့ဒီထဲမှာ ၁၄၂၃ ၄၉၉ ကတော့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသွားပြီးပေါ့။ ရာခိုင်နှုန်းအားဖြင့် ဆိုရင်တော့ ၆၉ ရခိုင်နှုန်းပြီးစီးနေပါပြီ” ဟုပြောသည်။

ကိုဗစ်ကာကွယ်ဆေးထိုးပေးသည့်အထဲတွင် IDP ကန့်များ၊ စစ်ဘေးဒုက္ခသည်များနှင့် ရက္ခိုင့်တပ်တော်မှတပ်သားများပါဝင်ပြီး Covid shield၊ Sinopharm၊ Sinovac စသည့်ကာကွယ် ဆေးအမျိုး အစားများကို ထိုးနှံပေးနေခြင်း ဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းကူးစက်ပျံ့နှံနေတုန်းမှာပင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ရက်နေ့က တက္ကသိုလ်ဝန်ထမ်း ၅၀ ကျော်နှင့်လေယာဉ်ဖြင့် ခရီးသွားမည့် ပြည်သူ ၁၀ကျော်တို့တွင် ကိုဗစ်ပိုးတွေ့ပြီးနောက် ယင်းထဲ မှ ၉ ဦးဓါတ်ခွဲစမ်းသမ်းခဲ့ရာ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကိုတွေ့ရှိခဲ့သည်။

ယင်းနောက် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှစကာ ကိုဗစ်ပိုးတွေ့မှု နေ့စဉ်မြင့်တက်လျက်ရှိနေပြီး တစ်ရက်တည်းတွင် ၃၀ ဦးကျော်မှ ၄၀ကျော်အထိ နေ့စဉ်လိုလို ကိုဗစ်ပိုးတွေ့ရှိသူများပြားလာနေသည်။ ပိုးတွေ့ရှိမှု အများဆုံးမှာ စစ်တွေမြို့ဖြစ်သည်။

ကိုဗစ်ပိုးတွေ့ရှိသူအများစုမှာလည်း  ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးသူများဖြစ်နေကြောင်း ပိုးတွေ့ရှိသည့် မိသားစုများနီးစပ်သည့် အသိုင်းအဝိုင်းများကပြောသည်။

အိုမီခရွန်သည် ဒယ်လ်တာထက် မပြင်းထန်သော်လည်း ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသူများအတွက် အန္တရာယ်ရှိနေဆဲဖြစ်ဟုပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်နေ့က WHO သတိပေးထုတ်ပြန်ထားသည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားသည့် မေလ ၁၂ ရက်နေ့မှ ယမန့်နေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့အထိ ကို  ဗစ်ပိုးတွေ့သူ ၅၅၃၄ ဦးနှင့် သေဆုံးသူ ၅၀၁ဦး ရှိနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ကိုဗစ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ၏ထုတ်ပြန်ချက်အရသိရသည်။

https://www.facebook.com/westernnewsagency/posts/469563558183487

Leave a Reply

Your email address will not be published.