By Development Media Group (DMG)/ 2022 February 19

ရခိုင်ပြည်နယ်တွင် ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရန် သင့်တော်သည့်အနေအထားတွင်ရှိသော်လည်း ရင်းနှီးမြှုပ်နှံမည့် စိုက်ပျိုးသူများမှာနည်းပါးနေကြောင်း မြန်မာနိုင်ငံ ရော်ဘာလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူးဦးခိုင်မြင့်က DMG သို့ပြောသည်။
ရော်ဘာလုပ်ငန်းမှာ နှစ်ရှည်ကြာရင်းနှီးမြှုပ်နှံရသည့်လုပ်ငန်းဖြစ်သည့်အတွက် လုပ်ငန်းရှင်အများစုမှာ စိတ်ဝင်စားမှုမရှိကြဘဲ ငွေပေါ်လွယ်သည့်လုပ်ငန်းများတွင်သာ ရင်းနှီးမြှုပ်နှံလေ့ရှိကြသောကြောင့် ရခိုင်တွင် ရော်ဘာလုပ်ငန်းနည်းပါးနေခြင်းဖြစ်နိုင်ကြောင်း ၎င်းကသုံးသပ်သည်။
“ဒီရော်ဘာလုပ်ငန်းက အခြားလုပ်ငန်းတွေလို ချက်ချင်းငွေပေါ်တဲ့လုပ်ငန်းမျိုးမဟုတ်ဘူး။ အပင်တွေကိုစိုက်ပြီးရင် အနည်းဆုံး ခုနှစ်နှစ်လောက်ကို လိုအပ်တဲ့မြေဆီမြေသြဇာတွေ ကျွေးမွေးရသေးတယ်။ ပြီးတော့မှ အစေးကိုထုတ်လို့ရတာ။ ဒီတော့ ရခိုင်က လုပ်ငန်းရှင်အများစုကလည်း သိပ်ပြီးစိတ်မဝင်စားကြဘူးထင်ပါတယ်”ဟု ဦးခိုင်မြင့်ကဆိုသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် ရော်ဘာလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် အသင်းအဖွဲ့တစ်ခုဖွဲ့စည်းရန်လိုအပ်နေပြီး လိုအပ်သည်များကို မိမိတို့အနေဖြင့် အတက်နိုင်ဆုံးကူညီပေးသွားမည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။
“ဒေသကလူတွေက အသင်းအဖွဲ့တစ်ခုဖွဲ့ပြီးတော့မှ လိုအပ်တာတွေကို ကျွန်တော်တို့ဆီကိုပြောပြရင် ပိုပြီးတော့အဆင်ပြေမယ်။ ပြီးတော့မှ သူတို့လိုအပ်ချက်တွေကို ကျွန်တော်တို့က သက်ဆိုင်ရာအစိုးရအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး ကူညီပေးလို့ရမှာပါ”ဟု ၎င်းကရှင်းပြသည်။
လက်ရှိရခိုင်ပြည်နယ်တွင် ရော်ဘာလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ပျိုးပင်ရှားပါးမှှု၊ အလုပ်သမားရှားပါးမှုနှင့် စျေးကွက်ရှားပါးမှုများနှင့်ကြုံတွေ့နေရကြောင်း တောင်ကုတ်မြို့နယ်မှ ရော်ဘာလုပ်ငန်းလုပ်ကိုင်သူ ကိုဇော်မြင့်ကပြောသည်။
“ကျွန်တော်တို့မှာ ပျိုးပင်တွေရှားတယ်။ ပျိုးပင်တွေကို မော်လမြိုင်ဘက်ကိုမှာရတယ်။ ကျွမ်းကျင်လုပ်သားတွေလည်းရှားတယ်။ ပြီးတော့ စျေးကွက်က ရန်ကုန်ကိုပဲရောင်းနေရတယ်။ တကယ့်ပေါက်စျေးထက် ဒီကဒိုင်တွေကဝယ်တဲ့စျေးနှုန်းက အနည်းဆုံးသုံးလေးရာလောက်ကွာနေတာတွေရှိတယ်။ ဒီကဒိုင်တွေကလည်း ရန်ကုန်ကိုပဲပို့ပြီးရောင်းနေတာဖြစ်တယ်”ဟု ၎င်းကဆိုသည်။
ရော်ဘာလုပ်ငန်းသည် နှစ်ရှည်ရင်းနှီးမြှုပ်နှံရသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ရော်ဘာအမျိုးအစားအလိုက် စျေးနှုန်းသတ်မှတ်ချက်များရှိကာ ဝယ်လိုအားရှိသည့်ကုန်ပစ္စည်းတစ်မျိုးဖြစ်ကြောင်း မွန်ပြည်နယ်မှ ရော်ဘာလုပ်ငန်းလုပ်ကိုင်သူများကဆိုသည်။
“သူက မရောင်းရတဲ့နှစ်လို့မရှိဘူး။ တစ်နှစ်နဲ့တစ်နှစ် စျေးနှုန်းမတူတာပဲရှိမယ်။ ဒါပေမယ့် ဒီကုန်တွေက အမြဲဝယ်လိုအားရှိနေတာပါ”ဟု မွန်ပြည်နယ်မှ ရော်ဘာလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကဆိုသည်။
မြန်မာနိုင်ငံတွင် ရော်ဘာလုပ်ငန်းကို မွန်၊ တနင်္သာရီဒေသများတွင် အများအပြားလုပ်ကိုင်လျှက်ရှိကြပြီး တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျှက်ရှိကြောင်း လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် ရော်ဘာစိုက်ခင်းဧကပေါင်း ၅၈၉ ဧကသာရှိပြီး သံတွဲခရိုင်အတွင်းတွင် အများဆုံးစိုက်ပျိုးလျှက်ရှိကြောင်း ပြည်နယ်သစ်တောဦးစီးဌာန၏ စာရင်းများအရသိရသည်။
https://www.facebook.com/dmgnewsagency/posts/2228986397253759