ရခိုင်တွင် ဖေဖော်ဝါရီလ တတိယပတ်အတွင်း တစ်ရက်လျှင် ကိုဗစ်ပိုးတွေ့ရှိသူ ၃၀ နီးပါးခန့်ရှိလာ

By Western News/ 2022 February 20

ရခိုင်ပြည်နယ်တွင် ဖေဖော်ဝါရီလ တတိယပတ်ထဲတွင် တစ်ရက်လျှင် လူ ၃၀ နီးပါးခန့် ကိုဗစ်ပိုးတွေ့ရှိလာကြောင်း ရခိုင်ပြည်နယ် ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ တွေ့ရသည်။

ဒုတိယအပတ်ထဲတွင် ၁၂ ရက်လောက်မှစ၍ ပိုးတွေ့ဦးရေ ၁၀ နီးပါးခန့်ရှိခဲ့ပြီး တတိယအပတ် အစလောက်တွင် လူ ၁၀ ကျော်ထိရှိလာခဲ့ကာ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ပိုးတွေ့ဦးရေ ၇၂ ဦးထိရှိခဲ့သည်။

ထိုအထဲမှ ပိုးတွေ့ ၆၂ ဦးမှာ စစ်တွေမြို့နယ်မှ ခရီးသွားများနှင့် တက္ကသိုလ်ဝန်ထမ်းများအား စစ်ဆေးရာတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ တို့ဖတ်နမူနာများအား ရန်ကုန်သို့ပို့၍ စစ်ဆေးရာ ထိုအထဲမှ ခရီးသွား ၅ ဦးနှင့် တက္ကသိုလ်ဝန်ထမ်း ၄ ဦး စုစုပေါင်း ၉ ဦးတွင် မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။

ပြီးခဲ့သည့် လပိုင်းများအတွင်းက ရခိုင်တွင် ကိုဗစ်ပိုးတွေ့ရှိမှုမှာ ၁ ဦးမှ ၅ ဦးနှုန်း ကြားထဲတွင်သာရှိခဲ့ပြီး ပိုးတွေ့ရှိမှုမှာလည်း စစ်တွေမြို့တွင်သာ အများရှိရှိခဲ့ကာ တစ်ခြားမြို့နယ်များတွင် ရံဖန်ရံခါလောက်သာ တွေ့ရှိမှုရှိခဲ့သည်။

လက်ရှိတွင်မှု စစ်တွေအပြင် ကျောက်တော်၊ တောင်ကုတ်၊ ကျောက်ဖြူ၊ အမ်း၊ မောင်တော၊ သံတွဲ၊ ဘူးသီးတောင် စသည့်မြို့နယ်များတွင် ရက်ခြားတွေ့ရှိမှုရှိလာပြီး မြို့နယ်အလိုက်စုစုပေါင်းပို့တွေ့ဦးရေမှာ ၃၀ နီးပါးရှိလာခြင်းဖြစ်သည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားချိန်မှစ၍ ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ဦးရေ ၅၄၀၀ ကျော်ရှိလာပြီဖြစ်ပြီး သေဆုံသူစုစုပေါင်း ၅၀၁ ဦးရှိပြီဖြစ်ကြောင်း ပြည်နယ်ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အချက်လက်ထုတ်ပြန်ချက်များအရ သိရသည်။

https://www.facebook.com/westernnewsagency/posts/468902338249609

Leave a Reply

Your email address will not be published.