By Western News/ 2022 February 18
ရခိုင်တွင် ရက္ခိုင်တပ်တော် AAနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုတို့ကြောင်း မိုင်းနှင့် စစ်ကျန်လက်နက်တို့မှာ ဒေသအလိုက်ကျန်ရှိခဲ့ပြီး တိုက်ပွဲများ ရပ်စဲနေသည့်တိုင် ၎င်းတို့အား နှစ်ဖက်တာဝန်ရှိသူများမှ ရှင်းလင်းပေးမှုတို့မရှိဘဲ ဒေသခံများမှာ လက်ရှိအချိန်ထိ မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကြားထဲတွင် ကျရောက်နေကြဆဲဖြစ်သည်။
မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုတို့ကြောင့် တိုက်ပွဲကာလအတွင်းမှစ၍ လက်ရှိ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ဒုတိယပတ်အထိ သေဆုံးသူ ၅၅ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူမှာ ၁၂၉ ဦးထိရှိပြီဖြစ်သည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC ၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။
“ကျနော်တို့ကောက်ယူထားတဲ့ စာရင်းတွေအရတော့ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာကစပြီး လက်ရှိအချိန်အထိပေါ့နော် စစ်ကျန်လက်နက်နဲ့ မိုင်းပေါက်ကွဲတာတွေကြောင့် သေဆုံးသူက ၅၅ ယောက်ရှိတယ်။ ထိခိုက်ဒဏ်ရာရသူတွေကတော့ ၁၂၉ ဦးရှိတယ်” ဟုပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်းလောက်တွင်လည်း မြန်မာစစ်တပ်မှ တပ်စွဲနေရာယူမှုရှိခဲ့သည့် မင်းပုန်းတောင်တွင် ထင်းခွေသွားသည့် သလူချောင်းကျေးရွာဒေသခံတစ်ဦး မိုင်းနင်းမိ၍ သေဆုံးမှုရှိခဲ့ပြီး အလောင်းအား ၃ ရက်ကြာမှသာ တွေ့ရှိခဲ့ကြသည်။
၎င်းအပြင် မြောက်ဦးမြို့နယ် ပေါင်းတုပ်ကျေးရွာ၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းက ရွာပြင်မှယူလာသည့် လက်ကိုင်ဗုံးဟု ယူဆရသည့်အလုံးအား ထုရိုက်ကစားရာမှ ပေါက်ကွဲဖြစ်ပြီး အသက် ၁၀ နှစ်အောက် ကလေးငယ် ၂ ဦးဒဏ်ရာရရှိခဲ့သည်။
မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုတို့ထဲမှ တစ်ချို့မှာ ကျေးရွာအနီးအနားတွင် ကျန်ရှိခဲ့သည့် ၎င်းလက်နက်များအားတွေ့ရှိကာ အိမ်သို့ယူဆောင်လာပြီး ထုရိုက်ကြည့်ကြရာမှ ဖြစ်ပွားမှုများလည်းရှိပြီး တစ်ချို့မှာ စားဝတ်နေရေးအတွက် တောတောင်များသို့ သွားရာမှ မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ပွားခြင်းတို့ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းကလည်း မင်းပြားမြို့နယ် စပါးထားကျေးရွာတွင် စစ်ကျန်လက်နက်ကို အိမ်သို့ယူဆောင်လာပြီး ထုရိုက်ကြည့်ရာမှ ပေါက်ကွဲမှဖြစ်ကာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မိုင်းအန္တရာယ်ကြုံနေရသည့် ကျေးရွာဒေသခံများမှာ မိုင်းအန္တရာယ်များကြောင့် လုပ်ကိုင်စားသောက်ရန်အခက်ခဲများ ကြုံနေရမှုတို့ကြောင့် တာဝန်ရှိသူများမှ မိုင်းရှင်းလင်းပေးမှုကိုလိုလားနေကြောင်း ဒေသခံများကပြောကြသည်။
မိုင်းနှင့် စစ်ကျန်လက်နက် အန္တရာယ်များနှင့် ပတ်သက်၍ အရပ်ဖက်အဖွဲ့စည်းအချို့မှာ ပညာပေးမှုများရှိသော်လည်း ထိရောက်မှုမရှိနိုင်သေးဘဲ ၎င်းလက်နက်များအား နေအိမ်သို့ယူဆောင်လာပြီး ထုရိုက်မှုများရှိနေဆဲဖြစ်သည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် နှစ်ဖက်တပ်မှ သက်ဆိုင်ရာများမှာလည်း မိုင်းနှင့် စစ်ကျန်လက်နက်ရှင်းလင်းမှုများကို ထိရောက်စွာလုပ်ဆောင်နိုင်မှုမရှိဘဲရှိရာ ဒေသခံများမှာ တိုက်ပွဲကာလမဟုတ်သော်လည်း မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှုများနှင့် ကြုံနေရဆဲဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/467709755035534