By Development Media Group (DMG)/ 2022 February 03

လာမည့်မတ်လအတွင်းကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရခိုင်ပြည်နယ်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၄၅၅၈၅)ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်ကပ်ရောဂါတို့ကြောင့် ပိတ်ထားရသည့် အခြေခံပညာကျောင်းများကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာမည့်(မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့)အထိ ကျင်းပသွားမည်ဟု စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနကကြေညာထားသည်။
အဆိုပါစာမေးပွဲတွင် ရခိုင်ပြည်နယ်မှ ကျောင်းသား ၂၀၇၅၂ နှင့် ကျောင်းသူ ၂၄၈၃၃ ဖြေဆိုကြမည်ဖြစ်ကြောင်း၊ အောင်ချက်မြင့်မားမှုရှိရန်အတွက်လည်း စီမံချက်များချမှတ်ဆောင်ရွက်နေကြောင်း ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က DMG သို့ပြောသည်။
“တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့် ကျောင်းသားတွေ အောင်ချက်မြင့်မားရေးနဲ့ပတ်သက်လို့ ကျောင်းအလိုက်၊ မြို့နယ်အလိုက်၊ခရိုင်အလိုက် စီမံချက်တွေဆွဲပြီး အချိန်ပိုသင်ကြားမှုတွေ၊ အစမ်းစာမေးပွဲစစ်ကြည့်တာတွေလုပ်ဖို့အတွက် စီစဉ်နေတယ်။ မကြာခင် အစိုးရအဖွဲ့ကိုတင်ပြဖို့ရှိတယ်။ စာမေးပွဲအစမ်းစစ်ကြည့်တာကို မတ်လပထမပိုင်းလောက်မှာလုပ်ဖို့လည်း စဉ်းစားထားတယ်”ဟု ၄င်းကပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် ပညာရေးဝန်ထမ်းများလည်း အာဏာဖီဆန်မှုလှုပ်ရှားရေး(CDM)တွင် ပါဝင်နေကြခြင်း၊ ဒေသအသီးသီးတွင် နေ့စဉ်ရက်ဆက် ဗုံးပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများရှိနေသောကြောင့် လုံခြုံမှုမရှိသဖြင့် တိုင်းနှင့်ပြည်နယ်အများစုမှ ကျောင်းသား၊ကျောင်းသူအများစုမှာ ကျောင်းမတက်ရောက်ကြပေ။
သို့သော်လည်း နှစ်နှစ်ကျော်ကြာတိုက်ပွဲဖြစ်ပွားမှုဒဏ်ကို ခံခဲ့ရသည့် ရခိုင်ပြည်နယ်တွင်မူ စစ်အာဏာရှင်ဆန်ကျင်ရေးလှုပ်ရှားမှုများမတွေ့ရဘဲ ဒေသတည်ငြိမ်နေသဖြင့် ကျောင်းသား၊ကျောင်းသူများ ပုံမှန်ကျောင်းတက်လျက်ရှိသည်။
https://www.facebook.com/dmgnewsagency/posts/2216906085128457