ရခိုင်တပ်တော်နဲ့ စစ်ကောင်စီ ၁နာရီကြာအောင် တိုက်ပွဲဖြစ်

By RFA / 2022 February 05

(ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မီးတပ်ကျေးရွာရဲ့ အရှေ့မြောက်ဖက်မှာ ရခိုင့်တပ်တော် ULA/ AA နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဖေဖော်ဝါရီလ ၄ ရက်နေ့က ၁ နာရီနီးပါးကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရခိုင့်တပ်တော် AA တပ်သားတစ်ဦး ကျဆုံးခဲ့တယ်လို့ ရခိုင့်တပ်တော် AA ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခက RFA ကိုပြောပါတယ်။

ခမရ ၃၅၂ စစ်ကြောင်း ၁ က ရခိုင့်တပ်တော် အခြေပြုနေရာကိုဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရခိုင့်တပ်တော် AA ရဲ့ ကင်းစောင့် တပ်သားတစ်ဦးကျဆုံးခဲ့ရသလို မြန်မာစစ်တပ်ဘက်က ကျဆုံးမှုတွေကိုတော့ အတိအကျမသိရသေးဘူးလို့  ခိုင်သုခက ပြောပါတယ်။

စစ်တပ်က AA အခြေပြုနေရာတွေကို အခုလိုဝင်ရောက်ပစ်ခတ်တာဟာ တည်ငြိမ်အေးချမ်းနေတဲ့ ရခိုင် ပြည်နယ်ကို အခြေအနေတွေပိုမိုဆိုးရွားလာအောင် မြန်မာစစ်တပ်ဘက်က ရည်ရွယ်ချက်ရှိရှိလုပ်နေတာ ဖြစ်ကြောင်း သူက သုံးသပ် ပြောဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့လှုပ်ရှားမှုပေါ်မူတည်ပြီး ရခိုင့်တပ်တော် AA အနေနဲ့တုံ့ပြန်သွားမယ်လို့ ခိုင်သုခက ပြောပါတယ်။ တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

နှစ်နှစ်နီးပါးကြာ အပြင်းအထန်တိုက်ခိုက်ခဲ့ကြတဲ့ မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်တော်တို့ရဲ့ နှစ်ဖက် ကိုယ်စားလှယ်တွေဟာ ဒီဇင်ဘာလ ၉ ရက်နေ့က UWSA ထိန်းချုပ်တဲ့ ပန်ဆန်းမြို့မှာ တစ်နာရီနီးပါးကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်တော် AA နဲ့ မြန်မာစစ်တပ်တို့ မောင်တောမြို့နယ် မှာ နိုဝင်ဘာလ ၉ ရက်နေ့က တိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ ရခိုင့်တပ်တော်က ပြောပေမယ့် မြန်မာစစ်တပ် ဘက်ကတော့ ARSA အဖွဲ့နဲ့ ဖြစ်ပွားတာလို့ ပြောခဲ့ပါတယ်။

https://www.facebook.com/rfaburmese/posts/10161641405738128

Leave a Reply

Your email address will not be published.