By Western News/ 2022 February 16
မြောက်ဦးမြို့ရှိ ရေအသုံးချမှုစနစ်နှင့် ရေလမ်းကြောင်းအခြေအနေများမှာ ယူနစ်စကိုသို့တင်ပြထားမှုအတိုင်း ရှိ မရှိကြိုတင်သိရှိနိုင်ရန် ရှေးဟောင်းသုတေသနဌာနမှ ရေအသုံးချမှုဆိုင်ရာပညာရှင် တစ်ဦးအား ခေါ်ယူ၍ မြို့တွင်းရေလမ်းကြောင်းအခြေနေများအား စစ်ဆေးမှုပြုလုပ်ခဲ့သည်။
အဆိုပါစစ်ဆေးမှုကို ၎င်းရေအသုံးချမှုပညာရှင် Professor Massimo Sarti နှင့်အတူ ရှေးဟောင်းသုတေသနဆိုင်ရာ တာဝန်ရှိသူများက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့မှစ၍ ၁၅ ရက်နေ့အထိ ၇ ရက်ကြာကြည့်ရှုစစ်ဆေးမှုပြုလုပ်ခဲ့ကြသည်။
ထိုသို့ကြည်ရှုစစ်ဆေးရာတွင် ရလဒ်အနေဖြင့် မြောက်ဦးမြို့တွင် ရေရှားပါးမှုကြုံရခြင်းကို ယခင်ရေစီးဆင်းမှုပုံစံများအတိုင်း ပျက်ယွင်းခြင်းမရှိဘဲဆောင်ရွက်နိုင်မည့် နည်းလမ်းများအား အဖြေရှာတွေ့ရှိခဲ့သည်ဟု မြောက်ဦးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးကြည်ခင်က Western News ကိုပြောသည်။
“ရေလမ်းကြောင်းအခြေနေကို ကြည့်ရှူစစ်ဆေးမှုအရ မြောက်ဦးမှာ နှစ်စဉ်ရေရှားပါးမှုပြဿနာကြုံရမှုကို ဖြေရှင်းနိုင့်မယ့်နည်းတွေရခဲ့တယ်။ ပုံမှန်ဆိုရင် ကန်ထဲက နုန်းတွေကိုတူးပစ်ရမှာပေါ့။ ဒါပေမယ့်အဲလိုတူးလိုက်ရင် အရင်တုန်းကအသုံးပြုခဲ့တဲ့ ရေလမ်းကြောင်းစနစ်တွေပျက်သွားမယ်။ အဲ့ဒါကြောင့် ကန်ထဲကရေပမာဏတွေကို ရာသီအလိုက် စနစ်တကျတိုင်းတာပြီး မြို့တွင်း ရေအသုံးပြုတဲ့ပမာဏကိုချိန်ပြီး ရေပေးဝေမယ့်စနစ်ကို တွေ့ခဲ့တယ်။ အဲလိုမျိုးဆိုရင် ရေရရှိမှုလည်း ပူစရာမလိုတော့သလို ရေလမ်းကြောင်းစနစ်တွေလည်းမပျက်စီးတော့ဘူးပေါ့။ အီတလီနိုင်ငံသားက အဓိကရေလမ်းကြောင်းဆိုင်ရာပညာရှင်ဆိုတော့ အဲ့ဒါတွေကို ပြောခဲ့တယ်” ဟုဆိုသည်။
မြို့တွင်းရေစီးဆင်းမှုလမ်းကြောင်းတွင် ပြဿနာအနေဖြင့် စွန့်ပစ်အမှိုက်များနှင့် ချောင်းမြောင်းများအား မြေဖို့ထားမှုများကို တွေ့ရှိရပြီး ၎င်းတို့အား ပဏာမ အသိပေးမှုများပြုလုပ်မည်ဖြစ်ပြီး (၈) လအတွင်းပြီးစီးအောင်ဆောင်ရွက်မည်ဟု ညွှန်ကြားရေးမှူး ဦးကြည်ခင်က ဆက်ပြောသည်။
“ရေလမ်းကြောင်းတွေမှာ အဓိကပြဿနာအနေနဲ့ စွန့်ပစ်အမှိုက်တွေနဲ့ တစ်ချို့နေရာတွေမှာမြေဖို့ထားတာတွေတွေ့ရတယ်။ အဲ့ဒါတွေကို ပဏာမအနေနဲ့ အသိပေးမှုတွေပြုလုပ်ပြီး (၈ ) လအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားဖို့လုပ်ထားတယ်” ဟုပြောသည်။
အီတလီနိုင်ငံသား ရေလမ်းကြောင်းပညာရှင်ကို မြောက်ဦးရှိရေလမ်းကြောင်းစနစ်များအား လွန်ခဲ့သည့် ၃ နှစ်ခန့်က UNESCO သို့တင်ပြထားမှုများနှင့် ကွဲပြားသွားမှုများရှိ မရှိကို စစ်ဆေးရန် ရှေးဟောင်းသုတေသနဌာနမှ ငှားရမ်းထားခြင်းဖြစ်ပြီး ယူနစ်စကိုမှ တာဝန်ရှိသူများမှာ စက်တင်ဘာလတွင် လာရောက်စစ်ဆေးမည်ဖြစ်သည်ဟု မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။
အခုလာစစ်ဆေးတဲ့ ရေလမ်းကြောင်းပညာရှင်ကတော့ လွန်ခဲ့တဲ့ ၃ နှစ်က ယူနစ်စကိုကို တင်ပြထားတဲ့ ရေလမ်းကြောင်းစနစ်တွေ လွဲလျော်မှုတွေရှိသွားပြီလား။ ကိုက်ညီမှုရှိသေးလားဆိုတာကို ဟိုကလာမစစ်ခင် အရင်သိနိုင်အောင်လို့ ရှေးဟောင်းသုတေသနဌာနကနေငှားပြီးတော့ စစ်ဆေးမှုပြုလုပ်တာပေါ့။ ယူနီစကိုက တာဝန်ရှိသူတွေကတော့ စက်တင်ဘာလလောက်မှာ လာစစ်ဆေးမှာ” ဟုပြောသည်။
ရခိုင်ပြည်နယ်ရှိ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုမြို့တော်အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအဆိုပြုလွှာကို တင်သွင်းထားပြီးဖြစ်သည့်အတွက် လက်ရှိတွင် တင်သွင်းထားသည့်အချက်လက်များနှင့် မြေပြင်အနေအထားကိုက်ညီမှူရှိ မရှိကို တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်နေပြီး လိုအပ်သည်များကို စိစစ်ဆောင်ရွက်မှုများပြုလုပ်နေခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/466476131825563