မြောက်ဦးမြို့သစ်စီမံကိန်းကို အမြန်ဆုံးအကောင်ထည်ဖော်ရန်လိုဟု အီတလီလူမျိုး ရေအသုံးမှုပညာရှင်က ပြည်နယ်ကောင်စီနှင့်တွေ့ဆုံစဉ်ပြော

By Narinjara / 2022 February 18

အေးမြတ်ခိုင်

ရခိုင်ပြည်နယ် မြောက်ဦးတွင် မြို့သစ်စီမံကိန်းကို အမြန်ဆုံးအကောင်ထည်ဖော်ရန်လိုအပ်ကြောင်း အီတလီလူမျိုး ရေအသုံးချမှုပညာရှင် ပါမောက္ခ မာဆီမိုဆာတီက ပြည်နယ်ကောင်စီနှင့်တွေ့ဆုံစဉ်ပြောဆိုခဲ့သည်ဟု သိရသည်။

ပြည်နယ်ကောင်စီအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းနှင့် ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ပြည်နယ်ကောင်စီရုံး၌တွေ့ဆုံစဉ် ယခုကဲ့သို့ အကြံပြုပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဦးသန်းထွန်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

“ပုံမှန်တိုးပွားလာသည့် အိမ်ထောင်စုလူဦးရေနှင့် တိုက်ပွဲများကြောင့် ရွှေ့ပြောင်းအခြေချလာသည့် အိမ်ထောင်စုလူဦးရေများအတွက် မြို့သစ်စီမံကိန်း အဆောတလျင် လိုအပ်နေပြီ”ဟု ပါမောက္ခ မာဆီမိုဆာတီ၏ အကြံပြုခဲ့မှုကို ရေးသားထားသည်။

အီတလီလူမျိုး ရေအသုံးချမှုပညာရှင် ပါမောက္ခ မာဆီမိုဆာတီသည် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ယူနက်စကိုက အသိအမှတ်ပြုခံရရေးအတွက် မြောက်ဦးမြို့၏ရေအသုံးချမှုစနစ်ကို ကွင်းဆင်းလေ့လာခဲ့ပြီးနောက် ပြည်နယ်ကောင်စီနှင့်တွေ့ဆုံကာ ယခုကဲ့သို့ အကြံပြုပြောဆိုခဲ့ခြင်းလည်းဖြစ်သည်ဟု သိရသည်။

မြောက်ဦးမြို့သစ်စီမံကိန်းကို ဆောလျင်စွာလုပ်ဆောင်ရန်အကြံပြုခဲ့မှုအပေါ် ပြည်နယ်ကောင်စီက မည်သို့တုံ့ပြန်ပြောဆိုဆွေးနွေးခဲ့သည်ကိုသိလို၍ ဝန်ကြီးဦးသန်းထွန်းအား နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း မအားလပ်သေးဟုဆိုသည်။

မြောက်ဦးမြို့ကို ယူနက်စကိုစာရင်းဝင်နိုင်ရေး စီမံခန့်ခွဲရန် Plan ၆ ခုရှိသည့်ထဲတွင် မြိုသစ်စီမံကိန်း(New Township Plan) ပါရှိပြီး ယင်း Plan ကို အမြန်ဆုံးအကောင်ထည်ဖော်ရန် လိုအပ်ကြောင်း ပါမောက္ခ မာဆီမိုဆာတီက ရှေး/သုဌာနအပါအဝင် ယူနက်စကိုစာရင်းဝင်နိုင်ရေးကြိုးပမ်းနေသူများနှင့် ပြီးခဲ့သည့်ရက်ပိုင်းက မြောက်ဦးတွင် တွေ့ဆုံခဲ့စဉ်ကလည်း ပြောဆိုခဲ့သည်ဟု တွေ့ဆုံရာတွင်ပါဝင်ခဲ့သည့် မြို့ခံ ကိုဇော်ထွန်းက နိရဥ္စရာကို ပြောသည်။

“မြောက်ဦးအမွေအနှစ်အတွက် စာတမ်းထဲမှာကိုက မြို့သစ် စီမံကိန်းကပါပြီးသားဖြစ်တယ်။ သူကတော့ ဘာပြောလဲဆိုရင် မြို့သစ်စီမံကိန်း plan ဟာ plan ပဲဖြစ်နေလို့မရဘူး။ လက်တွေ့အကောင်ထည်ဖော်ဖို့ အရေးပေါ်လိုအပ်နေပြီ။ မြို့သစ်စီမံကိန်းကို အရင်အကောင်ထည်မဖော်ရင် မြောက်ဦးမြို့ အမွေအနှစ်ဟာ တစ်စတစ်စ ပျက်စီးလာတယ်ဆိုတဲ့ အကြံပြုချက်မျိုးကို သူပြောတာရှိတယ်” ဟု ပြောသည်။

မြောက်ဦးမြို့သစ်စီမံကိန်းအတွက် လျာထားသည့်နေရာ ၃ ခုရှိပြီး ၄င်းတို့မှာ ပေါက်တောပြင်ရွာနှင့် ထမ္မရာဇ်ရပ်ကွက်ကြား၊ မောင်းဆွဲတောင်တန်းကြားနှင့် မြောက်ဦးလေယာဉ်ကွင်းနား နေရာတို့ဖြစ်ကြောင်း သိရသည်။

ပေါက်တောပြင်ရွာနှင့် ထမ္မရာဇ်ရပ်ကွက်ကြားတွင် မြို့သစ်စီမံကိန်းဖော်ဆောင်ရန် NLD အစိုးရလက်ထက်က စီစဉ်ခဲ့သော်လည်း လက်ရှိအချိန်ထိ စီမံကိန်းရပ်တန့်နေကာ ဆက်လက်အကောင်အထည်ဖော်နိုင်ခြင်းလည်းမရှိဟု မြို့ခံများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ခဲ့သော်လည်း ပြန်ကြည့်ပေးမည်ဟုဆိုကာ ဖုန်းချသွားခဲ့သည်။

လက်ရှိမြောက်ဦးတွင် စစ်ဘေးရှောင်စခန်း ၁၃ ခုရှိပြီး မြောက်ဦးမြို့သို့ ရွှေ့ပြောင်းအခြေချနေထိုင်သူများလည်း များပြားလာသည့်အတွက် မြို့ဧရိယာသည်လည်း ကျပ်တည်းမှုများရှိလာနေကြောင်း မြို့ခံများက ပြောသည်။

https://www.facebook.com/narinjara.info/posts/5225944110750957

Leave a Reply

Your email address will not be published.