မြောက်ဦးမြို့ရှိ အနူမကန်နှင့် ရေတွင်းများကို ရေအရင်းအမြစ်အတွက်စနစ်တကျပြုပြင်ထိန်းသိမ်းရန် စီစဉ်နေ

By Western News/ 2022 February 26

ရခိုင်ပြည်ရှိ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်တစ်ခုဖြစ်သည့် မြောက်ဦးမြို့တွင် သောက်သုံးရေကန်အဖြစ် လက်ဆည်ကန်တစ်ခုကိုသာ အဓိကထား၍ ရေပေးဝေမှုပြုလုပ်လျှက်ရှိရာ လက်ရှိတွင် အနူမကန်နှင့် မြို့တွင်းရှိ ရေတွင်းများကိုပါ ရေအရင်းအမြစ်အတွက် စနစ်တကျအသုံးပြုနိုင်ရန် ပြုပြင်ထိန်းသိမ်းရန် စီစဉ်နေသည်ဟု သိရသည်။

ထိုသို့လုပ်ဆောင်မှုမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ပထပတ်အတွင်းက မြောက်ဦးသို့ လာရောက်လေ့လာခဲ့သည့် ရေသုံးချမှုဆိုင်ရာပညာရှင်၏ အကြံပြုချက်များဖြစ်ပြီး လက်ရှိသက်ဆိုင်များမှ စီစဉ်ဆောင်ရွက်ရန် ပြင်ဆင်နေပြီဖြစ်သည်ဟု မြောက်ဦးရှေးဟောင်းသုတေသနနှင့် အမျိူသားပြတိုက်ဦးစီဌာန၏ ညွှန်ကြားရေးမှုးဦးကြည်ခင် ကပြောသည်။

“မြောက်ဦးမြို့ဟာ ရေရှိလျှက်နဲ့ ရေရှားပါးမှုကိုကြုံနေရတာ။ ဒီတော့ အဲ့ဒီပြဿနာကိုလည်းဖြေရှင်းနိုင်ဖို့ ဖြေရှင်းတဲ့အခါလည်း စနစ်တကျဖြစ်အောင် ရေအသုံးချမှုဆိုင်ရာပညာရှင်ကအကြံပြုခဲ့တာပေါ့။ အဲ့တော့ အနူမကန်ကိုလည်း အရင်ကလို ရေချိုးတာတွေ၊ အမှိုက်ပစ်တာတွေ မလုပ်ရအောင် မြို့ရဲ့ရေအရင်းအမြစ်အတွက် စနစ်တကျထိန်းသိမ်းပြီးမှုတွေလုပ်မယ်။ ပြီးတော့ မြောက်ဦးမှာ အရင်ကတည်းကနေရှိထားတဲ့ သဘာဝရေတွင်းကြီးတွေကို စနစ်တကျပြန်ဖော်မယ်။ အဲ့ဒါအတွက်လည်း အခုသက်ဆိုင်ရာတွေကစာရင်းကောင်နေပါပြီ” ဟုပြောသည်။

၎င်းအပြင်အမှိုက်နှင့်ပတ်သက်၍လည်းစနစ်တကျစွန့်ပစ်မှုပြုလုပ်နိုင်ရန် လုပ်ဆောင်မည်ဖြစ်ပြီး အဆိုပါလုပ်ဆောင်ချက်များတွင် ပြည်သူများပူးပေါင်းပါဝင်ရန် အဓိကလိုအပ်သည်ဟု သူကဆက်ပြောသည်။

မြောက်ဦးတွင် ရေအရင်းအမြစ်များစွာရှိပြီး စနစ်တကျအသုံးချမှုမပြုလုပ်နိုင်၍ ခက်ခဲမှုဖြစ်နေကြရခြင်းဖြစ်ရာ စနစ်တကျပြုပြင်ထိန်းသိမ်းလျှင် ပိုမိုကောင်းမွန်လာမည်ဖြစ်သည်ဟု လူထုအကျိုးပြုလုပ်ငန်းများလုပ်ကိုင်သူ မြောက်ဦးဒေသခံ ကိုဇော်ထွန်းကပြောသည်။

“မြောက်ဦးမှာ အနူမကန်ကိုရေလှောင်ကန်အဖြစ်ထားပြီး လက်ဆည်ကန်မှာရေခမ်းလာရင် အနူမကန်ကရေသွင်းပေးတဲ့စနစ်နဲ့ ရေပြဿနာကိုဖြေရှင်းထားတာရှိတယ်။ တကယ်တော့ မြောက်ဦးကရေရှားတဲ့နေရာတစ်ခုမဟုတ်ဘူး။ လက်ဆည်ကန်၊ အနူမကန်၊ အဘောင်တော်အင်းတို့အပြင် တစ်ခြားရေတွင်းရေကန်တွေအများကြီးရှိတယ်။ အဲ့တာတွေကို မပြုပြင်ဘဲထားလိုက်တဲ့အခါ ရေဆိုးရေညစ်တွေအဖြစ်ပြောင်းလဲသွားတယ်။ ဒီတော့ဒီဟာတွေကိုပြူပြင်ထိန်းသိမ်းဖို့ Mr.Massimo Sarti ကအကြံပြုခဲ့တယ်။ ဒါတွေကို အသေအချာ စနစ်တကျပြုပြင် ထိန်းသိမ်းနိုင်ရင်တော့ လက်ရှိအခြေနေထက်အများကြီး ပိုကောင်းတာပေါ့” ဟုပြောသည်။

မြောက်ဦးမှာ ရေအရင်းအမြစ်များစွာရှိသော်လည်း စနစ်တကျအသုံးချနိုင်မှုမရှိသည့်အတွက် ရခိုင်ပြည်နယ်ထဲရှိ တစ်ခြားမြို့နယ်များနည်းတူ နွေရာသီအတွင်း သောက်သုံးရေလျော့နည်းမှုပြဿနာအား နှစ်စဉ်ကြုံတွေ့ရတတ်သောမြို့တစ်မြို့ဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/472983651174811

Leave a Reply

Your email address will not be published.