By Western News/ 2022 February 09
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များအပါအဝင် ဌာနဆိုင်ရာပေါင်းစုံက လာရောက်စစ်ဆေးမည်ဟု အကြောင်းကြားထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများကပြောသည်။
ယင်းသို့ အသိပေးစာကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့က အသိပေးစာပေးပို့ထားခြင်းဖြစ်သည်ဟု သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ၇ ဦးတို့ အဆိုပါနေ့တွင် တွေ့ဆုံခဲ့စဉ် စစ် ဘေးရှောင်စခန်းများလို့လာရောက်စစ်ဆေးရန်ရှိကြောင်းပြောဆိုခဲ့သလို လက်ရှိတွင်လည်း တရားဝင် အသိပေးစာရောက်ရှိနေပြီဟု လက်ကောက်ဈေးရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ဘုကပြောသည်။
“ဟိုတစ်နေ့တုန်းက စစ်ဘေးရှောင်စခန်းတွေရှိတဲ့ ရပ် ကွက်ကအုပ်ချုပ်ရေးမှူး ၇ ဦး မြို့နယ်ထွေအုပ်ရုံးမှာ အစည်းအဝေးသွားတက်ခဲ့တယ်။ အဲ့ဒီတုန်းကလည်း ပြောထားတာရှိတယ်ပေါ့။ ခုတော့ ဌာနဆိုင်ရာပေါင်းစုံက လာစစ်မယ့်အကြောင်းတရားဝင်မသိပေးစာရောက်နေပြီ။ စစ်ဘေးရှောင်စခန်းတွေက အိမ်ထောင်စု စာရင်းတွေကို စစ်မယ်ထင်တယ်”ဟုပြောသည်။
လက်ရှိတွင် လာရောက်စစ်ဆေးမည်ကိုသာ အသိပေးထားသော်လည်း မည့်သည့်နေ့ မည်သည့်အချိန်တွင် လာရောက်စစ်ဆေးမည်ကို မပြောဆိုထားကြောင်း လက်ကောက်ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ဘု က ဆက်ပြောသည်။
ယခုကဲ့သို့ ဌာနပေါင်းစုံက လာရောက်စစ်ဆေးမည့်အကြောင်း အုပ်ချုပ်ရေးမှူးထံမှ တဆင့်ကြားသိထားရသည်ဟု မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဝင်းနိုင်ကပြောသည်။
“ကျွန်တော်တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေ တဆင့်အသိပေးလာလို့ သိထားပါတယ်။ ဘယ်နေ့လာမလဲဆိုတာတော့ မသိသေးဘူးပေါ့”ဟု ဆိုသည်။
ယခင်က တစ်ခါမှ စစ်ဆေးမှုမရှိခဲ့သည့်အတွက် ယခုကဲ့ သို့လာရောက်စစ်ဆေးမည်ကိုသိရ၍ စိုးရိမ်မှုရှိနေသည် ဟု မြောက်ဦးမြို့ လော်ကမူရပ်ကွက်စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် စစ်ဘေးရှောင်တစ်ဦးကပြောသည်။
“လာစစ်မယ်လို့တော့ ကြားပါတယ်။ အရင်ကမစစ်ဖူးတော့ ခုလိုလာစစ်တော့ စိုးရိမ်တဲ့အပိုင်းတွေရှိပါတယ်။ နေရပ်ပြန်ခိုင်းရင်တော့ ကျွန်မတို့အတွက် ခက်ခဲလာနိုင်တာပေါ့”ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ အသေးစိတ်သိရှိနိုင်ရန် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးအား Western News က ဆက်သွယ်ရာ ပဌာန်းပွဲကိုရောက်နေသည့်အတွက် မအားသေးဟု ပြန်လည်ဖြေဆိုသည်။ မြောက်ဦးမြို့ပေါ်ရပ်ကွက်များတွင် အနယ်နယ်အရပ်ရပ်မှ ခိုလှုံလာသည့် စစ်ဘေးရှောင်စခန်း ၁၀ ခုထက်မနည်းရှိပြီး လူဦးရေအားဖြင့် ခန့်မှန်ခြေ ၄၀၀၀ နီးပါးခန့်ရှိနေသေးသည်ဟုသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်နေ့က ပလက်ဝမြို့မှ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်တပ်အပါအဝင်ဌာနဆိုင်ရာပေါင်းစုံက ဧည့်စာရင်းများလာရောက်စစ်ဆေးခဲ့ပြီး နေရပ်ပြန်ရန်ပြောဆိုခဲ့မှုများရှိခဲ့သည်။
https://www.facebook.com/westernnewsagency/posts/462270512246125