မြောက်ဦးဒေသ ယူနက်စကိုဝင်နိုင်ရေး ရေစီး၊ရေလာစနစ်ကောင်းမွန်အောင်လုပ်ဆောင်သင့်ဟု ရေအရင်းအမြစ်ကျွမ်းကျင်ပညာရှင် အကြံပြု

By Development Media Group (DMG)/ 2022 February 16

မြောက်ဦးမြို့တွင် ချောင်းမြောင်းများအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ယူနက်စကိုဝင်နိုင်ရေးအတွက် အခက်အခဲရှိသကဲ့သို့ သဘာဝဘေးအန္တရာယ်အတွက်ပါ စိုးရိမ်ဖွယ်ရာဖြစ်သဖြင့် ရေစီး၊ရေလာစနစ် ကောင်းမွန်အောင်လုပ်ဆောင်သင့်သည်ဟု မြောက်ဦးဒေသသို့လေ့လာရန်ရောက်ရှိနေသည့် ရေအရင်းအမြစ်ကျွမ်းကျင်ပညာရှင်က အကြံပြုလိုက်သည်။

မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် ရေအသုံးချမှုဆိုင်ရာကိစ္စရပ်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မြောက်ဦးမြို့တွင်ပြုလုပ်သည့် အစည်းအဝေးတွင် အီတလီနိုင်ငံမှ ရေအရင်းအမြစ်ကျွမ်းကျင်ပညာရှင် ပါမောက္ခ Massimo Sarti အထက်ပါအတိုင်း အကြံပြုပြောကြားခဲ့သည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာန (ခွဲ)မှ ညွှန်ကြားရေမှူး ဦးကြည်ခင်ကပြောသည်။

“အဓိကတော့ လူတွေက စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကြောင့် ချောင်းမြောင်းတွေမှာ ကုန်းပေါ်သွားတယ်။ အဲဒီလိုဖြစ်သွားတော့ မိုးရာသီမှာ သဘာဝအရရေကြီးမှုတွေ၊ မုန်တိုင်းတွေလာတဲ့အခါ ရေကြီးမယ့်ဖြစ်ရပ်တွေ ခံစားနိုင်တယ်လို့ပြောတယ်။ အဲဒီအမှိုက်ကိစ္စတွေကို ဌာနဆိုင်ရာတွေ၊ မြောက်ဦးလူငယ်အစည်းအရုံးပူးပေါင်းပြီး ဆောင်ရွက်ဖို့အတွက် (သူက)အကြံပြုခဲ့တယ်”ဟု ၄င်းကဆိုသည်။

ထို့အပြင် မြောက်ဦးယဉ်ကျေးမှုဒေသသို့ ယူနက်စကိုမှ ပညာရှင်များ လာရောက်မစစ်ဆေးမီ ၈ လခန့်အကွာတွင် အမှိုက်ကိစ္စများကိုဖြေရှင်းရန်အကြံပြုခဲ့သည်ဟု ဦးကြည်ခင်က ဆက်လက်ပြောသည်။

“အမှိုက်ကိစ္စကတော့ အဓိကပြဿနာတစ်ခုပဲ။ နောက်တစ်ခုက ဓနိတောတွေရှိတဲ့ချောင်းတွေကို ဓနိတောကိုခုတ်၊ မြေဖို့ပြီးတော့ အိမ်တွေဆောက်ကြတဲ့ကိစ္စကိုလည်း အကြံဉာဏ်ပေးခဲ့တယ်။ဆိုတော့ အဲဒါတွေကိုအဖြေရှာနိုင်ခဲ့တယ်ပေါ့”ဟု ၄င်းကဆိုသည်။

မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန်အတွက် ယူနက်စကိုမှပညာရှင်များသည် ယခုနှစ် သြဂုတ်လ(သို့မဟုတ်) စက်တင်ဘာလခန့်တွင် လာရောက်ကွင်းစစ်ဆေးကြမည်ဖြစ်ပြီး လာမည့် ၂၀၂၃ ခုနှစ်တွင် ယူနက်စကိုဝင်၊မဝင် ဆုံးဖြတ်ကြမည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာန(ခွဲ)မှ သိရသည်။

အီတလီနိုင်ငံမှ ရေအရင်းအမြစ်ကျွမ်းကျင်ပညာရှင် ပါမောက္ခ Massimo Sarti သည် ရေအသုံးချမှုဆိုင်ရာကိစ္စရပ်များအား ဖေဖော်ဝါရီလ ၉ ရက်နေ့မှစတင်ကာ ၇ ရက်ကြာအထိ ကွင်းဆင်းစစ်ဆေးနေခြင်းဖြစ်သည်။ ယူနက်စကိုမှ ပညာရှင်များ လာရောက်စစ်ဆေးချိန်တွင် အဆင်သင့်ဖြစ်စေရန်အတွက် ရှေ့ပြေးကွင်းဆင်းလေ့လာရန် အဆိုပါပါမောက္ခကို ငှားရမ်းထားခြင်းဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2226741527478246

Leave a Reply

Your email address will not be published.