By Voice Of Westland (VOW)/ 2022 February 09
အဉ္ဇနခင်
သာသနာပြုလုပ်ငန်းများဖြင့် ထင်ရှားကျော်ကြားသည့် မြောက်ဦးဆရာတော် အရှင်ဘဒ္ဒန္တဝါယာမိန္ဒသည် မျက်လုံးနှစ်လုံး၏ ခွဲစိပ်ကုသမှုအောင်မြင်သည့်အတွက် လာမည့်သီတင်းပတ်တွင်း မိမိသတင်းသုံးရာဖြစ်ရာမြန်မာနိုင်ငံသို့ ပြန်လည်ကြွချီလာရောက်တော့မည်ဖြစ်ကြောင်း သိရသည်။
“မျက်လုံးခွဲစိတ်မှုအောင်မြင်သွားပါပြီ၊များမကြာမီ ရန်ကုန်သို့ပြန်ကြွတော့မှပါ” ဟု ဆရာတော်၏ လူမှုစာမျက်နှာတွင် ယနေ့ဖေဖော်ဝါရီလ ၉ ရက်နေ့ ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။
ဆရာတော်သည် မျက်လုံးခွဲစိပ်ကုသရန် ပြီးခဲ့သည့် ဇန်နဝါရီ လလယ်ပိုင်းလောက်ကပင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ကြွရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆရာတော်ကြီး၏ မျက်လုံးခွဲစိပ်ကုသမှုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘာမိုဂရက်(စ်)ဆေးရုံကြီးတွင်ပြုလုပ်ခဲ့ကြောင်း ဆရာတော်တည်ထောင်ထားသည့် ဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာ၏ ပြန်ကြားရေးတာဝန်ခံ ဦးတင်ငြိမ်းဦးက VOW ကိုပြောသည်။
“ဆရာတော်ကြီးက ဘန်ကောက်ကိုရောက်တော့ အဲဒီမှာထိုင်းအစိုးရကသတ်မှတ်ထားတဲ့အတိုင်း ကွာရင်တင်းဝင်ရတယ်။ ကွာရင်တင်းဝင်ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် တစ်ပတ်အကြာမှာမှ ဘယ်ဖက်မျက်လုံးကို ခွဲစိပ်တယ်။ ဘယ်ဖက်မျက်လုံးခွဲပြီး တစ်ပတ်ပြည့်တဲ့ရက်မှာ ညာဖက်မျက်လုံးကိုထပ်ခွဲပါတယ်” ဟု ဦးတင်ငြိမ်းဦးက ပြောသည်။
ဆရာတော်ကြီးသည် မျက်လုံးခွဲစိပ်ကုသမှု အောင်မြင်သည့်အတွက် လာမည့်ဖေဖော်ဝါရီလ ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်လာမည်ဖြစ်ကြောင်း သိရသည်။