By Narinjara / 2022 February 05
ချစ်အိလှိုင်

မြန်မာစစ်တပ်မှ ရက္ခိုင့်တပ်တော်( AA) စခန်းကိုလက်ဦးမှုယူ တိုက်ခိုက်လာ၍ AA မှ ကင်းစောင့်နေသည့် တပ်သားတစ်ဦးကျဆုံးသွားခဲ့သည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။
ဦးခိုင်သုခက “ မနေ့က ဖေဖော်ဝါရီလ ၄ ရက်နေ့ပေါ့နော်။ အဲဒီမှာ မြန်မာစစ်တပ်ရဲ့ ခမရ ၃၅၂ စစ်ကြောင်း ၁ ကနေပြီးတော့ ကျွန်တော်တို့ ရက္ခိုင့်တပ်တော် တပ်ဖွဲ့တွေ အခြေပြုထားတဲ့နေရာကို ရုတ်ချည်း ဝင်ရောက်လာပြီးတော့ ကျွန်တော်တို့ ဘက်က ကင်းသမားကို လက်ဦးမှုယူ ပစ်ခတ်တဲ့ အတွက်ကြောင့် မို့လို့ မွန်းလွဲ ၂ နာရီ ၅၁ မိနစ်ကနေ ၃နာရီ ၃၇ မိနစ်ထိ၊ ၄၆ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်ဗျ” ဟုပြောသည်။
တိုက်ပွဲဖြစ်ပွားသည့် နေရာမှာ မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်ရွာ၏ အရှေ့မြောက်ဖက် ၃ ဒသမ ၅ ကီလိုမီတာအကွာ လက်ပံတောင်ကြောတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ စစ်တပ်ဖက်ကလည်း အထိအခိုက် အကျအဆုံးမှုရှိကြောင်း၊ လောလောဆယ် အသေးစိတ် မပြောနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။
“ ထိခိုက်ကျဆုံးမှုကတော့ ကျွန်တော်တို့ ဘက်က ကင်းသမား ရဲဘော် တစ်ယောက်ကျဆုံးတာရှိတယ်။ နောက် မြန်မာစစ်တပ်ဖက်ကလည်း ထိခိုက်ကျဆုံးမှုတွေတော့ ရှိနိုင်တယ်ဗျ။ ဘယ်နှစ်ယောက်လဲ ဆိုတာ လောလောဆယ်မသိရသေးဘူး” ဟုပြောသည်။
ရက္ခိုင့်တပ်တော်(AA)၏ စခန်းတစ်ခုကို စတင်ထိုးစစ်ဆင်လာသဖြင့် နှစ်ဖက် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိ တိုက်ပွဲမှာ မြန်မာ စစ်တပ်ဖက်မှ ရည်ရွယ်ချက်ရှိရှိလုပ်လာခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။
“ ဆက်ပြီးတော့ မြန်မာစစ်တပ်ဖက်က ကျွန်တော်တို့ တပ်ဖွဲ့တွေရှိတဲ့နေရာကို ဝင်ရောက်လာမယ် ဆိုလို့ရှိရင်တော့ ဒါအခြေအနေဟာ ဒီထက်ပိုပြီး ဆိုးဝါးလာနိုင်တဲ့အနေအထားရှိတယ်။ တိုက်ပွဲတွေလည်း ပိုပြီးတော့ ဖြစ်လာနိုင်တဲ့ အနေအထားရှိတယ်ပေါ့” ဟုပြောသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့မှာ လွန်ခဲသည့် ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ပါတီစုံရွေးကောက်ပွဲမတိုင်မီက တိုက်ပွဲများ နှစ်ဖက်အပြန်အလှန် နားလည်မှုဖြင့် ရပ်တန့်နေခဲ့ရာ ၁ နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။
https://www.facebook.com/narinjara.info/posts/5186203014725067