မောင်တောမှာ AAနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်လို့ အရပ်သားနှစ်ဦးသေဆုံး

By RFA / 2022 February 09

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဖေဖော်ဝါရီ ၇ ရက် ည ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ အမျိုးသမီးတစ်ဦးနဲ့ လူငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့ကားကို အသုံးပြုရင်း လမ်းမှာတိုက်ပွဲဖြစ်ရာကနေ သေဆုံးခဲ့ရတာလို့ ဒေသခံရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“၁၁နာရီခွဲလောက်မှာ ပစ်သံကြားပါတယ်။ အပြန်အလှန်ပစ်ကြတယ်လို့ ထင်တာပဲ။ အဲဒီမှာ ကားပေါ်မှာပါ လာတဲ့ ဒေသခံနှစ်ယောက် သေဆုံးသွားပါတယ်။ သူတို့က ခမောင်းဆိပ်ကျေးရွာဘက်က သစ်တွေကို မောင်တောမြို့ကို တင်ရောင်းတဲ့ကားပါ။ သူတို့က ညအချိန်သွားတာ မဟုတ်ဘူး။ အဲဒီမှာ သူတို့က မိုးချုပ်နေလို့ဆိုပြီး ပြန်မလာတာ။ ပြန်မလာတဲ့အခါမှာ စစ်တပ်က လူအပြောင်းအရွှေ့ရှိလို့ ဆိုပြီး ခေါ်လာတာ။ ပြန်လာတဲ့ အချိန်မှာ ကားမိုင်းဆွဲခံရတယ်လို့ ကြားတယ်။ မိုးလင်းခါမှ စစ်တပ်ကနေ ကျေးရွာအုပ်ချုပ်ရေးမှူးကို ရွာသားနှစ်ယောက် သေသွားတယ်လို့ လာပြောလို့ သိရတာပါ”

ဖားဝမ်းချောင်းရွာက အသက် ၄၀ အရွယ် ဒေါ်စောခင်လှနဲ့ ငန်းချောင်း မွတ်စလင်ရွာက အသက် ၂၅ နှစ် အရွယ် မွတ်စလင်လူငယ် ကိုအေးကိုကိုတို့ သေဆုံးသွားခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာဟာ မောင်တောမြို့နဲ့ ခုနှစ်မိုင်လောက်အကွာ ဖားဝမ်းချောင်းရွာနဲ့ ငန်းချောင်းရွာကြား ကားလမ်းမပေါ်မှာ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းကို လာယူဖို့ ဖေဖော်ဝါရီ ၈ရက် မနက်က ဖားဝမ်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးကို စစ်တပ်ဘက်က ဆက်သွယ်လာပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့မှာပဲ ဖားဝမ်းချောင်းကျေးရွာသင်္ချိုင်းမှာ သင်္ဂြိုဟ်လိုက်ပါတယ်။

အခုလိုတိုက်ပွဲတွေကြောင့် ကားလမ်းတွေ ပိတ်ထားပြီး ထွက်ပြေးတိမ်းရှောင်မရလို့ ရွာသားတွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့လည်း ဒေသခံအမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“ညနေကျလို့ရှိရင် ဘာဖြစ်လာမှာလဲ စိုးရိမ်နေကြတာပေါ့။ မိုးချုပ်လာရင် ဘာအသံကြားရမလဲ။ ဘယ်လို နေထိုင်ရမလဲဆိုတာကို ရွာသူ၊ ရွာသားတွေက စိုးရိမ်နေကြတာပေါ့။ ထွက်ပြေးလို့ရတဲ့ အခြေအနေရှိရင် ထွက်ပြေးမှာပေါ့။ အခုက ထွက်ပြေးလို့မရတဲ့ အခြေအနေဖြစ်နေလို့ ရွာသူရွာသားတွေက စိုးရိမ်နေကြတာပေါ့။ လမ်းက ပိတ်ထားတယ်လေ။ ကားတွေလည်း သွားလို့မရဘူး။ ဆိုင်ကယ်တွေလည်း သွားလို့မရဘူး”

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ် မီးတိုက်ကျေးရွာအနီး လက်ပံတောင်ကြောမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့နဲ့ ၆ ရက်နေ့တွေက စလို့ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတွေပြန်လည် ဖြစ်ပွားနေတာပါ။

ဖေဖော်ဝါရီလ ၈ ရက်နေ့လယ်တစ်နာရီလောက်မှာလည်း မီးတိုက်ကျေးရွာ၊ သင်္ဘောလှကျေးရွာအနီး အဲဒီလက်ပံတောင်ကြောမှာပဲ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အချိန်တစ်နာရီကျော်ကြာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့လည်း ဒေသခံတွေက RFA ကိုပြောပါတယ်။

အခုလို မောင်တောမြို့နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲအခြေအနေတွေ မနေ့ညက အရပ်သားနှစ်ဦး သေဆုံးတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ အေအေပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်ကျော်ဇံကတော့ ရခိုင်ပြည်နယ်အတွင်း စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာနိုင်ပြီး ဒေသခံတွေလည်း စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ပြောပါတယ်။

“စစ်တပ်နဲ့ အေအေလုပ်ဆောင်ရမှာက အပေးအယူမျှဖို့လိုတယ်။ အပေးအယူ ဆိုတာကလည်း အေအေလိုချင်တဲ့ဟာနဲ့ စစ်တပ်က ပေးနိုင်တဲ့ ဟာတွေဟာ တထပ်တည်း မကျနိုင်သမျှတော့ ဒီတိုက်ပွဲက ဖြစ်နေမှာပဲ။ ဒေသခံတွေကတော့ တိုက်ပွဲဖြစ်တာကို မလိုလားဘူး။ ဒါပေမယ့် ဖြစ်ရင်လည်း မတတ်နိုင်ဘူးလေ။ စိုးရိမ်နေကြတာကတော့ အကုန်လုံး စိုးရိမ်နေကြတာပဲ။ တိုက်ပွဲဖြစ်ရင် ပေးဆပ်ရမှာကို သူတို့ သိနေကြတယ်။ တိုက်ပွဲအတွင်းမှာ မပါရင်လည်း တိုက်ပွဲနဲ့ ဆက်စပ်တယ် ဆိုပြီးတော့ ဖမ်းဆီးတာတို့၊ ရွာကို အမြောက်နဲ့ လှမ်းပစ်တာတို့ တွေ့တဲ့လူတွေကို အမှုဖွင့်တာတို့ အဲဒီဒဏ်ကို လူတွေက မခံစားချင်ဘူး။ ဒါပေမဲ့ ဖြစ်လာရင်တော့ ဒေသခံတွေက ခံကြရမှာပဲလေ”

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလအထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာပါ။

အဲဒီနောက် နှစ်ဖက်နားလည်မှုနဲ့ တိုက်ပွဲတွေရပ်စဲနေခဲ့တာ အချိန်တစ်နှစ်ကျော်အထိ ကြာလာပြီးနောက် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာတာ ဖြစ်ပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ၂၀၁၈ ခုနှစ်ကနေ ဒီကနေ့အထိ စစ်ကောင်စီတပ်နဲ့ အေအေတို့ တိုက်ပွဲကာလအတွင်း မိုင်း၊ လက်နက်ကျည်တွေအပြင် စစ်ရေးပဋိပက္ခတွေကြောင့် သေဆုံးသွားခဲ့တဲ့ အရပ်သား ၃၂၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇၃၅ ဦး အထိ ရှိပြီ ဖြစ်ပါတယ်။

https://www.facebook.com/watch/?v=517253486581888

Leave a Reply

Your email address will not be published.