မောင်တောမြောက်ပိုင်း ခရီးသွားလာခွင့် ဝန်ထမ်းများရရှိသော်လည်း အရပ်သားကားများ သွားလာခွင့်မရ

By Western News/ 2022 February 09

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်‌ မြောက်ပိုင်း ကျီးကန်းပြင်ဌာနချုပ် စစ်ဆေးရေးဂိတ်နှင့် ကြိမ်ချောင်းနယ်ခြားစောင့်တပ်အမှတ်(၂၄)တို့ကို ယနေ့နံနက်ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းကစ၍ ခရီးသွားခွင့်ကိုပြန်လည် ခွင့်ပြုလိုက်ပြီဟု ဒေသခံများကပြောသည်။

သို့သော်လည်း လက်ရှိတွင် ဝန်ထမ်းကားများကိုသာ သွားလာခွင့်ပြုထားသော်လည်း အရပ်သားခရီးသည် တင်ကားများမှာမှု လုံးဝဖြတ်သန်းခွင့်မရရှိ သေးသဖြင့် အမြန်ဆုံးသွားလာခွင့်ပြုပေးရန် လိုကြောင်း ခမောင်းဆိပ်ကျေးရွာမှ ကားသမားတစ်ဦးကပြောသည်။

“ဒီနေ့မှာ ခရီးသွားလားခွင့်ပြုလိုက်ပြီလို့ ပြောသံကြားတော့ ကျွန်တော်သွားခဲ့တယ်။ ဒါပေမဲ့ အရပ်သားခရီးသည်တင်ကားတွေ မပါဘူး။ ဝန်းထမ်းကားတွေပဲ နည်းနည်းစစ်ဆေးမေးမြန်းပြီးတော့ သွားခွင့်ပြုတာ။ ကျွန်တော်တို့ကို လုံးဝဖြတ်သန်းခွင့်မပြုလို့ ပြန်လှည့်လာခဲ့ရတယ်။ ဘာဖြစ်လို့ ကျွန်တော်တို့ကားတွေကို သွားခွင့်မပြုတာလည်း မေးလို့မရခဲ့ဘူး”ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက် ည ၁၁ နာရီကျော်အချိန်ခန့်တွင် ဖားဝပ်ချောင်းကျေးရွာအနီး၌ မြန်မာစစ်သားများလိုက်ပါလာသည့် အရပ်သားယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဖေဖော်ဝါရီ ၈ရက် နံနင်ပိုင်းအချိန်ကစ၍ အဆိုပါ စစ်ဆေးရေးဂိတ် ၂ ခုကို မြန်မာစစ်တပ်ကသွားလာခွင့်ကန့်သတ်လိုက်ခြင်းဖြစ်သည်။

ကြိမ်ချောင်းကျေးရွာမှတာဝန်ရှိသူတစ်ဦးက” ဒီနေ့ မိုးလင်းတာနဲ့ ဂိတ်တွေကို ပုံမှန်အတိုင်း သွားလာခွင့်ပြုလိုက်ပြီလို့ ကြားတယ်။ ဘယ်လို ကန့်သတ်ချက်နဲ့ဖွင့်တာကိုတော့ ကျွန်တော်လေ့မသိဘူး”ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်ကို   Western Newsက ဆက်သွယ်ခဲ့သော်လည်း ဖုန်းဆက်ခံ‌ဖြေဆိုခြင်း မရှိခဲ့သလို ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့လုံခြုံရေနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

ပြီးခဲ့သည် ဖေဖော်ဝါရီ ၄ ရက်နေ့ တိုက်ပွဲတွင်လည်း မြန်မာစစ်တပ်က လက်ဦးမှုယူ၍ ပစ်ခတ်မှုကြောင့်ကင်းစောင့်နေသည့် ရက္ခိုင့်တပ်တော် AAဖက်က တပ်သားတစ်ဦး ကျဆုံးခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက Western News ကိုပြောဆိုထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း မောင်တောမြို့နယ် မီးတိုက်ကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ်ဖက်မှ ၇ဦးသေဆုံးခဲ့သည်ဟု သိရသည်။

https://www.facebook.com/westernnewsagency/posts/462185985587911

Leave a Reply

Your email address will not be published.