မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်ဘက်ကသေနတ်သံများကို ထပ်မံ၍အဆက်မပြတ်ကြားခဲ့ရဟု ဒေသခံများဆို

By Narinjara / 2022 February 06

အေးမြတ်ခိုင်

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်၊ မောင်တောမြို့နယ်မြောက်ပိုင်း အမှတ် (၂) နယ်မြေ၊ အောင်ဇူအပိုင်၊ မီးတိုက်ရွာဘက်က သေနတ်သံများကို ယနေ့ နေ့လယ်ပိုင်းမှ ည ၅ နာရီကျော်ထိ အဆက်မပြတ်ကြားခဲ့ရသည်ဟု ဒေသခံများ ပြောဆိုသည်။

 “ စကြားတာက နေ့လယ် ၁၂ နာရီကျော် တစ်နာရီလောက်က စကြားရတယ်။ ကြားတာကတော့ မိုင်းစရီချောင်းဘက်က ကြားရပါတယ်။ ဒါက နယ်မြေ ၂ အပိုင် အောင်ဇူနယ်မြေကျပါတယ်။  လက်နက်ငယ်၊ လက်နက်ကြီးသံရော အကုန်ကြားရပါတယ်။ ညနေ ၅ နာရီကျော်လောက်မှာ ပစ်ခတ်သံတွေ ရပ်သွားပါတယ်” ဟု မင်္ဂလာညွှန့် ရွာသား တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာသားများ အထူးစိုးရိမ်နေပြီး ရွာသားများကို ရွာပြင်ပသို့ သွားလာခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည်ဟု ဆိုသည်။

“  ကျနော်တို့ ရွာသားတွေတော့ အထူးစိုးရိမ်နေကြပါတယ်။ စစ်တပ်နဲ့  AA တို့အကြားဖြစ်တာပါ။ တိုက်ပွဲကလည်း ပြင်းထန်တော့ ကျနော်တို့ ရွာသား တွေလည်း စိုးရိမ်နေကြပါတယ်။ ရွာသားတွေကိုလည်း ရွာပြင်ကို မသွားဖို့တော့ တားမြစ်ထားပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ကျေးရွာသားများက ရက္ခိုင့်တပ်တော်နှင့် မြန်မာ့တပ်မတော်တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲဟု ပြောဆိုသဖြင့် အတည်ပြုချက်ယူနိုင်ရန် ရက္ခိုင့်တပ်တော်(AA)ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။

အလားတူ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိခဲ့ပါ။

ဖေဖော်ဝါရီ ၄ ရက်နေ့လည်း မြန်မာစစ်တပ်နှင့် AA တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး  AA မှ ကင်းစောင့်နေသည့် တပ်သားတစ်ဦး ကျဆုံးသွားခဲ့သည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာနသို့ ယမန်နေ့က ပြောဆိုခဲ့သည်။

တိုက်ပွဲဆက်လက်ဖြစ်/ မဖြစ်မှာ မြန်မာစစ်တပ်အပေါ်မူတည်နေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာစစ်တပ်နှင့် AAတို့ အကြား နှစ်ဖက် တိုက်ပွဲများရပ်တန့်နေသည်မှာ ၂၀၂၀ခုနှစ် နိုဝင်ဘာလကတည်းက ရပ်တန့်နေခဲ့ပြီးနောက် ယခုတစ်ဖန် သေနတ်သံများ ပြန်လည် ထွက်ပေါ်လာခြင်း ဖြစ်သည်။

https://www.facebook.com/narinjara.info/posts/5189147424430626

Leave a Reply

Your email address will not be published.