By VOA / 2022 February 08

စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ခိုက်မှုတွေ ပြန်ဖြစ်နေတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက ဖားဝပ်ချောင်းကျေးရွာအနီးမှာ ဇန်နဝါရီ ၇ ရက်နေ့ ညက စစ်သားတွေ ပါလာတဲ့ အရပ်သားကားတစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ညတုန်းက ပေါက်ကွဲ ပစ်ခတ်သံတွေကြားခဲ့ရပြီး ဒီနေ့ မနက်ပိုင်းမှာတော့ ကားပေါ်ပါသွားတဲ့ ဒေသခံ ယာဉ်မောင်းနဲ့ ကားပိုင်ရှင်အမျိုးသမီးတို့ သေဆုံးသွားတာကို ဒေသခံတွေ သိခဲ့ရပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
ရခိုင်ပြည် မောင်တောမြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာအနီးမှာ စစ်သားတွေလိုက်လာတဲ့ အရပ်သားကားတစီး မနေ့ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရပြီး မနက်မှာတော့ ကားမောင်းသူအမျိုးသားနဲ့အတူ ကားပိုင်ရှင်အမျိုးသမီးတဦးသေဆုံးသွားတယ်ဆိုတာ ဒေသခံတွေ သိခဲ့ကြရပါတယ်။ စစ်တပ်က ကားကို ပေါ်တာဆွဲသွားပုံရပြီး ည ၁၁ နာရီလောက်မှာတော့ ဖားဝပ်ချောင်းကျေးရွာနဲ့ တမိုင်လောက်အကွာနေရာကနေ ပေါက်ကွဲသံနဲ့ အတူ သေနတ်ပစ်သံတွေ နာရီဝက်လောက်အထိကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်မှာတော့ သေဆုံးသူ ရွာသား ၂ ယောက် ဒေသခံနှစ်ဦးအလောင်းကို ရဲတပ်ဖွဲ့က ဒေသခံတွေကို လာအပ်တယ်လို့ ဖားဝပ်ချောင်းဒေသခံတဦးကပြောပါတယ်။
“၁၁ နာရီကျော် အသံတော့ ကြားတယ်ပေါ့၊ သေနတ်သံတွေဘာတွေ အသံတော့ကြားတယ်၊ ကျနော်တော့ အဲလောက်ပဲသိတယ်။ ကျနော်တို့တော့ နိုးနိုးကြားကြားနေတာပေါ့၊ အဲဒီဆုံးသွားတဲ့ နှစ်ယောက်က မိုးလင်းမှသိရတာ။ ၁၁ နာရီမှာ ဆုံးတာလား၊ ဘယ်အချိန်မှာ ဆုံးတာလဲတော့ ကျနော်လည်းမသိဘူး၊ အလောင်းကိုတော့ ကျနော့်ကို ရဲတပ်ဖွဲ့က အပ်တာပါ၊ သြင်္ဂိုဟ်ဖို့အတွက်တော့ ခွင့်ပြုချက်တင်ထားပါတယ်၊ အမျိုးသမီးကတိုင်းရင်းသား၊ အမျိုးသားကတော့ မွတ်ဆလင်ပေါ့။ သူတို့က စီးပွားလုပ်ကိုင်ဖက်တွေ။ သစ်တွေ ဝါးတွေတင်တယ်။ ရောင်းချတယ်အဲလိုမျိုးပေါ့။”
စစ်တပ်အင်အားတွေ ပိုပြီးတိုးချထားတဲ့ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဖေဖော်ဝါရီလ ၄ ရက်နဲ့ ၆ ရက်နေ့တွေက စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တပ်တွေ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ လူနေကျေးရွာတွေအနီးမှာ အခုလို တိုက်ခိုက်မှုတွေ ဖြစ်လာတာကြောင့် ဒေသခံတွေဘက်က စစ်ပွဲတွေ ပြန်ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
“တိုက်ပွဲကရွာအနီးအနားမှာဖြစ်တယ်ဆိုတော့ ကျနော်တို့ကနေပြီးတော့ စိုးရိမ်စရာတခုရှိ တယ်။ ဆင်းရဲဒုက္ခခံပြီးတော့ လုပ်ကိုင်စားသောက်နေကြတဲ့သူတွေ၊ တိုက်ပွဲဖြစ်တာတော့ မလိုချင်ပါဘူး၊ ဒေသခံတွေလည်း ထိခိုက်မှာ၊ စားဝတ်နေရေးတွေလည်း ထိခိုက်မှာ။ ဟိုပြေး လိုက် ဒီပြေးလိုက်နဲ့ ဒုက္ခမျိုးတွေကို ကျနော်တို့က မခံချင်ဘူးဗျာ။”
မောင်တောမြို့နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့လည်း လှုပ်ရှားပါတယ်။ တပ်တွေနဲ့ တိုက်ပွဲဖြစ်တာ AA ဆိုတာ AA ဘက်ကပြောမှ သိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလိုပြောပါတယ်။
“ကျနော်တို့က လေးရက်နေ့နဲ့ခြောက်ရက်နေ့မှာတော့ ဖြစ်ခဲ့တာရှိပါတယ်၊ နောက်ပိုင်းဖြစ်ခဲ့တာတော့မရှိဘူး။ ၄ ရက်နေ့ မနက်ပိုင်း ၈နာရီလောက်မှာ နယ်ခြားစောင့်တပ်ဖွဲ့က ကင်းလှည့် တယ်၊ ကင်းလှည့်တဲ့အခါမှာ ခမောင်းဆိပ်တို့ တောင်ပြိုဘက်တို့- မောင်တော မြောက်ခြမ်းပေါ့၊ ARSA အရင်တုန်းက ဝင်ထွက်နေတဲ့ နယ်မြေ။ နယ်စပ်ခြံစည်းရိုးဘေးမှာ မိုင်းထောင်တိုက် ခိုက်တာတွေ၊ ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ရှိတယ်။ အဲဒါကြောင့် အဲဒီဘက်မှာ နယ်မြေလုံခြုံရေး တိုးမြှင့်ဆောင်ရွက်တာရှိတယ်။ တမန်းသား ကျေးရွာနားမှာ တိုက်ပွဲဖြစ်တာရှိတယ်။ ကျနော်တို့ ယခင်က ARSA နဲ့ ဖြစ်တယ်ဆိုပြီးတော့ ဟိုဟာပြုတာပေါ့၊ အဲဒီမှာလက်နက်တစ် လက်ရတယ်။ နောက်ပိုင်း AA ကတော့ ထွက်ပြောတာ သူတို့နဲ့ ဖြစ်တယ်ဆိုတာ။ အဲမှာပဲ သိတော့တယ်။ အဲဒီနယ်မြေက သူတို့နယ်မြေလည်း မဟုတ်ဘူး၊ ၄ ရက်နေ့မှာ အဲလိုဖြစ်ခဲ့တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ၆ ရက်နေ့မှာ တခါဖြစ်ခဲ့တာရှိတယ်၊ နေ့ခင်းပိုင်းလောက်မှာပဲ မိုင်းဆွဲတိုက်ခိုက်ပြီးတော့ ပစ်ခတ်ကြတာရှိတယ်။ အဲဒီမှာ ကျနော်တို့ဆီက ထိခိုက်ဒဏ်ရာရတဲ့ လူတချို့ရှိတယ်၊ မနေ့ကလည်း ဖြစ်ခဲ့တာမရှိဘူး။ ကျန်တဲ့ ၅ ရက်နေ့ကလည်း ဖြစ်ခဲ့တာမရှိဘူး။”
AA ဘက်ကတော့ သူတို့ တပ်ဖွဲ့ဝင်တွေအပေါ် စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၂၀ အောက်တိုဘာလကစလို့ စစ်တပ်နဲ့ AA အဖွဲ့တို့ကြား ၂ ဘက်နားလည်မှှုနဲ့ အပစ်အခတ်ရပ်စဲထားခဲ့ပါတယ်။ ဒါပေမဲ့ အပစ်အခတ်ရပ်စဲထားတာ ၁ နှစ်ကျော်ကြာချိန် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာတော့ ပထမဆုံးအကြိမ် ၂ ဘက်ကြား တိုက်ပွဲတွေပြန်ဖြစ်ပါတယ်။ အဲဒီကတည်းက မောင်တောမြို့နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့ကြား စစ်ရေးတင်းမာနေတာပါ။
ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်တော်တော်များများမှာ AA က ထိန်းချုပ်နယ်မြေစိုးမိုးထားပါတယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်လာရင်တော့ ခုခံတဲ့အနေနဲ့ ရခိုင်ပြည်နယ်က ဘယ်နေရာမဆို တိုက်ပွဲဖြစ်လာနိုင်တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ အကုန်ပိုင်းလောက်ကနေ ၂၀၂၀ ခုနှစ် အောက်တိုဘာအထိ AA အဖွဲ့နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ခဲ့တာကြောင့် ဒေသခံ ၂ သိန်းကျော်လောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ လက်ရှိအချိန်ထိလည်း စစ်ဘေးဒုက္ခသည် ၁ သိန်းနီးပါးနေရပ် မပြန်နိုင်ကြသေးပါဘူး။ အခုလည်း မောင်တောမြို့နယ် ထဲမှာ တိုက်ပွဲတွေပြန်ဖြစ်နေပြီး စစ်ရေးတင်းမာနေတာကြောင့် ရခိုင်ပြည်နယ်တခုလုံး အတာနဲ့ တိုက် ပွဲတွေ ဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
https://www.facebook.com/VoA.Burmese.News/posts/10159713118400170