မောင်တောတွင် စစ်ကောင်စီတပ်သားများ သယ်ဆောင်လာသည့် ကားတစ်စီးမိုင်းဆွဲခံရ၊ ၂ ဦးသေဆုံး

By Western News/ 2022 February 08

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်း ကျေးရွာအနီးရှိ ကွန်ကရစ်တံတားတွင် ဖေဖော်ဝါရီလ ၇ ရက် ည ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် တေဘာကားအမျိုးစားဖြင့်စစ်ကောင်စီတပ်သားများသယ်ဆောင်လာသည့် ကားတစ်စီးမိုင်းဆွဲခံရ၍ ကားပေါ် ပါလာသည့် ဒေသခံ ၂ ဦးသေဆုံးသွားကြောင်း သိရသည်။

မိုင်းဆွဲခံရလိုက်ရသည့် ကားမှာ ကြိမ်ချောင်းကျေးရွာမှ ဖားဝပ်ချောင်းကျေးရွာသို့ ‌မောင်းနှင်လာချိန်တွင် မိုင်းခွဲခံလိုက်ရခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဖားဝပ်ချောင်းကျေးရွာသားတစ်ဦးက ပြောသည်။

“ကားကသစ်တင်တဲ့ကား။ အဲဒီကားထဲမှာ မြန်မာစစ်သားတွေကိုတင်လာတယ်လို့သိရတယ်။ ဘယ်အဖွဲ့က မိုင်းခွဲလိုက်တာလည်းဆိုတာကိုတော့ တိတိကျကျမသိဘူး။ ကားပိုင်ရှင်အမျိုးသမီးလည်း သေတယ်။ အကူတစ်ယောက်လည်း သေသွားတယ်”ဟု ပြောသည်။

သေဆုံးသူ ၂ ဦးမှာ ဖားဝပ်ကျေးရွာမှ ကားပိုင်ရှင် ဒေါ်စောခင်လှအသက် (၅၀)နှင့် ငန်းချောင်းကျေးရွာမှ ကိုအေးကိုကို အသက် ၂၅ (မွတ်ဆလင်)တို့ဖြစ်ကြသည်။

ဖားဝပ်‌ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက”မိုးလင်းတော့ ကျွန်တော်ကို စစ်တပ်ကဖုန်းဆက်လာတယ်။ အလောင်း၂ လောင်းသယ်လာဖို့။ ကြိမ်းချောင်းတပ်ရင်းက ဖုန်းဆက်လာတာ။ အခုတော့အလောင်းရွာကို ရောက်နေပြီ။ ဘယ်အဖွဲ့ကမိုင်းဆွဲတာလည်း တိတိကျကျမသိရဘူး။ ကားမှာတော့ မြန်မာစစ်သားတွေပါလာတယ်လို့သိရတယ်”ဟုပြောသည်။

ယင်းအပြင် အဆိုပါကားမိုင်းဆွဲခံလိုက်ရပြီးနောက် နာရီခွဲခန့် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားလိုက်ရသည်ဟု ဖားဝပ်ချောင်း ကျေးရွာသားများက Western News ကိုပြောသည်။

ပြီးခဲ့သည် ဖေဖော်ဝါရီ ၄ ရက်နေ့ တိုက်ပွဲတွင်လည်း မြန်မာစစ်တပ်က လက်ဦးမှုယူ၍ ပစ်ခတ်မှုကြောင့်ကင်းစောင့်နေသည့် ရက္ခိုင့်တပ်တော် AAဖက်က တပ်သားတစ်ဦး ကျဆုံးခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက Western News ကိုပြောဆိုထားသည်။

ယင်းအပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း မောင်တောမြို့နယ် မီးတိုက်ကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ်ဖက်မှ ၇ဦးသေဆုံးခဲ့သည်ဟု သိရသည်။

မောင်တောမြို့နယ်က အခြေအနေကို သိရဖို့ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စစ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

https://www.facebook.com/westernnewsagency/posts/461621998977643

Leave a Reply

Your email address will not be published.