မောင်တောတွင် ကျပ်သိန်း ၄ ထောင်ကျော်တန်ဖိုးရှိ ရွှေချောင်းများနှင့်အတူ လူ ၂ ဦး ဖမ်းဆီးခံရ

By Narinjara / 2022 February 18

နွေဦးမေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ကာလတန်ဖိုး ကျပ်သိန်း ၄ ထောင်ကျော်တန်ဖိုးရှိသော ရွှေချောင်းများနှင့်အတူ လူ ၂ ဦး ဖမ်းဆီးခံလိုက်သည်ဟု သိရသည်။

ရွှေချောင်းများနှင့်အတူဖမ်းဆီးခံလိုက်ရသူများမှာ မောင်တောမြို့နယ်၊ အောင်သပြေကျေးရွာမှ ကိုဇေယျာ (၂၆ နှစ်)နှင့် မအေး (၃၀ နှစ်)တို့ဖြစ်သည်။

သူတို့နှစ်ဦးသည် အကယ်ဒမီတံဆိပ်ပါ ရွှေချောင်း ၂၅ ချောင်းနှင့် ငွေစက္ကူ ကျပ် ၆ သောင်းကျော်ကို သယ်ဆောင်ပြီး မောင်တောမြို့နယ် ကြိမ်ချောင်းရွာဘက်သို့ ဆိုင်ကယ်တစ်စီးဖြင့်လာစဉ် ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက မောင်တောမြို့နယ်၊ ကျီးကန်ပြင်နယ်ခြားစောင့် စစ်ဆေးရေးဂိတ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ရခိုင်နေ့စဉ်သတင်းတွင်ဖော်ပြချက်အရ သိရသည်။

မောင်တောမြို့မရဲစခန်းမှူး ဒုရဲအုပ်မြင့်ဇော်ဦးက “အဲ့လိုဖမ်းမိတာတွေက နယ်ခြားစောင့်တွေကပဲ ဖမ်းတာပါ”ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ကျီးကန်ပြင်စစ်ဆေးရေးဂိတ်အားဆက်သွယ်ရာ ဆက်သွယ်၍ မရရှိခဲ့ပေ။

ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်ကလည်း မောင်တောမြို့နယ် ၃ မိုင်စစ်ဆေးရေးဂိတ်တွင်  ကျပ်သိန်း ၆ ထောင်ကျော် တန်ဖိုးရှိ အကယ်ဒမီအခေါက်ရွှေချောင်း (၃၉) ချောင်းနှင့် ငွေသားသက်သက်ကျပ်သိန်း ၂ ထောင်တို့ကို ဖမ်းမိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ဆက်စပ်သူ ၂ ဦးကို ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ-၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/5225840224094679

Leave a Reply

Your email address will not be published.