By Boder News Agency (BNA) / 2022 February 06
စိုးဇံအောင် ရေးသားထားပါတယ်။
အခန်းထဲမှာ အရောင်ခပ်နွမ်းနွမ်းအဝတ်အစားများကို ဝတ်ဆင်ထားသော မူလတန်းအရွယ်ကလေးငယ်တစ်စုက စာအုပ်တချို့ကို လှန်လောကြည့်ရှု့နေကြသည်။
သူတို့လက်ထဲမှာကိုင်ထားကြသော စာအုပ်များမှာ မြိုင်ရာဇာတွတ်ပီ၊ဗုဒ္ဓဝင်ပုံပြင်၊မဖဲဝါ၊ကလေးကဗျာစတဲ့ စာအုပ်များဖြစ်ကြသည်။
ထို့နောက် သူတို့ကြည့်နေသော စာအုပ်အတွင်းရှိစာသားနဲ့ ရုပ်ပြပန်းချီများကို အပြန်အလှန်ပြ၍ စကားတီးတိုးပြောဆိုကာ ငြင်းခုံနေကြ၏။
သူတို့အဖို့ အခန်းငယ်ထဲမှာရှိသည့် အရာဝတ္ထုမှန်သမျှကို စိတ်ဝင်စားစရာ အသစ်အဆန်းတွေ ဖြစ်နေသည်။ထိုအသစ်အဆန်းအရာဝတ္ထုများကို ကိုင်တွယ်ကြည့်ရှုနေရသည့်အတွက် သူတို့ပျော် သည်။
ဆင်ခြေဖုံးရပ်ကွက်တစ်ခုက ဆင်းရဲသားမိဘနှစ်ပါးထံက မွေးဖွားလာသူကလေးငယ်များအဖို့ တခါမှ မမြင်ဖူးခဲ့သည့် သူတို့လက်ထဲကစာအုပ်များမှာ အထူး အဆန်းသဖွယ်ဖြစ်နေမည်မှာ မဆန်းပေ။
အခန်းထဲရှိ ကလေးငယ်များ လှုပ်ရှားပြုမူသမျှကို သေချာစူးစိုက်ကြည့်နေသည့် အသက် ၂၉ နှစ်အရွယ်လူငယ်တစ်ဦးက ထိုမြင်ကွင်းကိုကြည့်၍ ကြည်နူးစွာပြုံးနေသည်။
ထိုလူငယ်၏အပြုံးမှာ မိမိစားချင်လျက် စားသုံးခွင့်မရခဲ့ရသော သစ်သီးတွေကို အများအတွက် ဝေမျှပေးနိုင်ခဲ့သည့်အပြုံး။သူ့လက်နှင့်စိုက်ထားသည့် ပန်းပင်က ပထမဦးဆုံးပွင့်လာသော ပွင့်ဖတ်နုနု၊ဝတ်ဆံလှလှနဲ့ ပန်းပွင့်ငယ်ကို မြင်လိုက်ရသူ၏ ပီတိဖုံးလွှမ်းနေသည့်အပြုံးမျိုးပင်။
ထိုလူငယ်သည် သူ့ဘဝတလျှောက်တွင်အမွန်မြတ်ဆုံးနှင့် အသန့်စင်ဆုံးသော လူသားအကျိုးပြုလုပ် ငန်းတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်၍ အတိုင်းမသိဝမ်းသာမိကြောင်း ပြောပြသည်။
“စာကြည့်တိုက်တစ်ခုလုပ်တာဟာ လူသားကယ်တင်မှုတစ်ခု လုပ်လိုက်တာလို့ ကျွန်တော်ယုံကြည်ပါတ ယ်။ကျွန် တော်တို့ လူငယ်ထုရဲ့ အနာဂတ်ကို ကယ် တင်လိုက်နိုင်တာနဲ့လည်းအတူတူပဲပေါ့”ဟု ထိုလူငယ်က သူ့လုပ်ဆောင်မှုကို ကျေနပ်ဂုဏ်ယူစွာ ပြောပြသည်။
ထိုမြင်ကွင်းမှာ စစ်တွေမြို့၊ဆတ်ရိုးကျရက်ကွက်(၂) က အလျားပေ ၂၀ ကျော်၊ အနံ ၁၀ ပေကျော်ခန့်ရှိမည့် မြေကွက်တွင် တည်ဆောက်ထားသော “ရိုးမရောင်နီ” လူငယ်စာကြည့်တိုက်ထဲက မြင်ကွင်းပင်ဖြစ်၏။
စာကြည့်တိုက်ကလေးမှာသွပ်မိုးအုတ်နံရံကာဆော က်လုပ်ထားခြင်းဖြစ်သည်။နံရံများကို စိမ်းနုရောင်ဆေးလွင်လွင်သုတ်ထားသည်။စာကြည့်တိုက်ခြံဝင်းအတွင်း ရခိုင်အလံကို စိုက်ထူထားပြီးအလံတိုင်အောက်ခြေအုတ်ဖိနပ်တွင်စာကြည့်တိုက်အမှတ်သင်္ကေတနှင့် ဆောက်လုပ်သည့်နေ့စွဲကိုရေးထိုးထားသည်။
ကလေးငယ်များမှာ ထိုရပ်ကွက်အတွင်းက မူလတန်းအရွယ် ကျောင်းသား/သူများ ဖြစ်သည်။
စာကြည့်တိုက်အတွင်းက ကလေးငယ်များ၏ အပြု အမူများကိုကြည့်ကာ ကြ ည်နူးပီတိဖြစ်နေသူမှာ့ “ရိုးမရောင်နီ” လူငယ်စာကြည့်တိုက်ကို တည်ထောင်သူကိုညီညီထွန်းပင် ဖြစ်သည်။
ကိုညီညီထွန်းသည် မှောင်မိုက်လွန်းလှသည့် မူးယစ်သံသရာထဲမှ ရုန်းထွက်လာသူတစ်ဦးလည်းဖြစ် သည်။
“ကျွန်တော်အရင်ကဆို လမ်းဘေးဂျလေဘီတစ်ယောက်လိုနေတယ်။ မူး ယစ်ဆေး(အစိချေ)သုံးခဲ့တယ်။ ကျွန်တော့်ဘဝရဲ့အချိန်တော်တော်များများမှာ ဆိုးဆိုးရွားရွားနေထိုင်ခဲ့မိတယ်။ အခုပြန်တွေးတော့အချိန်တွေဟာ တော်တော်နှမြောဖို့ကောင်းပါတယ်။ ကျွန်တော့်ဘဝမှာအဓိပါယ်ရှိတာတစ်ခုလုပ်ချင်တယ်။ ဒါကြောင့် ဒီစာကြည့်တိုက်လေးကို တည်ထောင်ဖြစ်တာ”ဟု ကိုညီညီထွန်းက ကုန်လွန်ခဲ့သောအချိန်များအတွင်း သူနေထိုင်ပြုမူခဲ့သည်များကို နောင်တရသည့်စိတ်နှင့်ပြောသည်။
မွေးချင်း ၄ ယောက်ရှိသည့်အနက် ကိုညီညီထွန်းမှာ ဒုတိယမြောက်သားဖြစ် သည်။အကြီးဆုံးအစ်ကိုတစ်ယောက်နှင့် ညီနှစ်ယောက်ရှိသည်။
ကိုညီညီထွန်း၏ ပညာရေးမှာလည်းဆုံးခန်းမတိုင်ခဲ့ပေ။ သူ၏အဘွားရှိရာ မင်းပြားမြို့နယ်က မူလတန်းကျောင်းမှာ လေးတန်းကိုတက်ရောက်ခဲ့ပြီးငွေကြေး အခက်အခဲများကြောင့် ငါးတန်းကိုဆက်မထားနိုင်ခဲ့ကြောင်း ကိုညီညီထွန်း၏ မိခင်ဒေါ်စောနုက ပြောပြသည်။
မိခင်၏ အိမ်နှင့်ခြံကို အပေါင်ထားပြီး ယင်းစာကြည့်တိုက်ကို တည်ဆောက်ထားခြင်းလည်းဖြစ်သည် ဟုဆိုသည်။
ကိုညီညီထွန်း မူးယစ်နွံထဲမှ ရုန်းထွက်နိုင်ခဲ့သည့်အ တွက် အလွန်စိတ်ချမ်းသာမိသည်ဟု မိခင်ဖြစ်သူဒေါ်စောနုက ပီတိစကားဆိုသည်။
“သူအခုလိုမူးယစ်ဆေးဝါးဖြတ်ပြီး အ များအကျိုးလုပ်လာတော့အရီး(အဒေါ်) အရမ်းစိတ်ချမ်းသာတယ်။ ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး”ဟု ဒေါ်စောနုကပြောသည်။
ကိုညီညီထွန်း၏ ငယ်စဉ်ဘဝမှာစာအုပ်စာပေနဲ့ ထိတွေ့နိုင်ဖို့အခွင့်အလမ်းမရှိခဲ့ကြောင်း သူကပြောသည်။
သူငယ်စဉ်က သူ့ပတ်ဝန်းကျင်မှာ မရရှိခဲ့သော အခွင့်အလမ်းများကို ရခိုင်ကလေးငယ်တွေကို ရစေချင်သည်ဟု သူကဆက်ပြောသည်။
တကယ်လည်း ကိုညီညီထွန်း၏ လူငယ်ဘဝနေ့ရက်များမှာ အဓိပ္ပါယ်မဲ့ကုန်ဆုံးခဲ့ရသည့်အပြင်မူးယစ် သံသရာထဲ တဝဲလည်လည်ဖြစ်နေခဲ့ကြောင်း ပြောပြသည်။
လွန်ခဲ့သော ၆ နှစ်ကျော်လောက်က ကိုညီညီထွန်းတို့ အပေါင်းအသင်းလူငယ်တစ်စုသည် စစ်တွေမြို့က စိတ်ကြွ ဆေးပြား(WY)အရောင်းဆိုင်များကို ခြေဆန့်သွားလာလျက်ရှိခဲ့သည်။အိမ်ကမိဘများပေး
လိုက်သည့် မုန့်ဖိုးငွေများမှာလည်း ထိုဆိုင်များတွင်ပင်အငွေ့ပျံသွားခဲ့ရသည်။
မူးယစ်ဆေး(အစိချေ)ကို အရက်သေစာသောက်စားရာမှ လက်တည့်စမ်းသုံးစွဲမိခြင်းဖြစ်ကြောင်း သူကပြော သည်။
ထိုသို့သုံးစွဲမိရာက တစစနှင့်မူးယစ်သားကောင်ဘဝကို ရောက်မှန်းမသိရောက်သွားခဲ့ရကြောင်း ယခုလက်ရှိ မူးယစ်နွံထဲက ရုန်းထွက်လာပြီး စာကြည့်တိုက်တစ်ခုတည်ထောင်ထားသူ ကိုညီညီထွန်းက ပြောသည်။
“လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပဲ ဒီမူးယစ်ဆေးကို ဖြ တ်ဖို့ဆုံးဖြတ်ပြီး ကြိုးစားခဲ့တယ်။ဒါပေမယ့် လုံးဝပြတ်သွားတာမျိုးမဖြစ်နိုင်ခဲ့ဘူး။ကျွန်တော်တို့ အဲဒီအသိုင်းအဝိုင်းနဲ့ ဆက်ဆံမိပြီဆိုတာနဲ့အနည်းအပါး ပြန်ထိတွေ့ဖြစ်တာတွေ ရှိတယ်။အခုတော့ ကျွန်တော်စိတ်ကို အလိုမလိုက်တော့ဘူး”ဟု သူက ပြောပြသည်။
ထိုကာလက ကိုညီညီထွန်းတို့ လူငယ်တစ်စုသည် အရက်သေစာသောက်စားပြီး လမ်းဘေးအုတ်ခုံတွင် ဂီတာတီးသည်။ ထိုမျှနှင့် မရပ်တန့်သေးဘဲ စိတ်ကြွမူးယစ်ဆေး( WY) ရောင်းသည့် နေရာများကိုခြေဦး လှည့်လာကြသည်။
ထို့နောက် ပါလာသည့်ငွေများကိုစု၍ မူးယစ်ဆေး ပြား(အစိချေ) ဝယ်ယူကြသည်။ထို့နောက် ဆိတ်ငြိမ်ပြီးလူခြေပြတ်သည့်နေရာတချို့မှာ ဝယ်ယူရရှိသည့်မူးယစ်ဆေး (အစိချေ)ကိုသုံးခဲ့ကြသည်။
စိတ်ကြွမူးယစ်ဆေးပြား(အစိချေ)ကို သုံးရာတွင် ခဲပြား၊ ပိုက်၊ မီးခြစ်၊ ရေသန့်ဗူးတို့ကို အသုံးပြုလေ့ရှိကြသည်။ ပထမဦးစွာအစိချေ(ဆေးပြားငယ်)ကိုခဲပြားပေါ်တင်သည်။ ဆီပေါက်ကျဉ်းထားသော မီး ခြစ်ဖြင့် ခဲပြားအောက်မှ အပူပေးသည်။ ပြီးလျှင်ရေအနည်းငယ်ထည့်ထားသောရေသန့်ဗူးကို ဖောက်ကာပိုက်ငယ်တစ်ခုတပ်ဆပ်ထားသည့် ပြွန်ဖြင့်အပူပေးရာမှထွက်လာသည့် မူးယစ်ဆေးအငွေ့ကို စုပ်ယူရှူရှိုက်လေ့ရှိကြသည်။
WY(သို့မဟုတ်)အစိချေသည် ရှုရှိုက်ပြီးချိန်မှစ၍ စက္ကန့်ပိုင်းအတွင်း စတင်အစွမ်းပြပြီဖြစ်သည်။
ထိုဆေးငွေ့သည် ဦးနှောက်မှ ဓါတ်ပစ္စည်းတော် တော်များကို ထွက်လာအောင် လုပ်ပေးသည်။ ယင်းကြောင့် အစိချေရှုထားသူသည်ပျော်လာမည်၊စိတ်တက်ကြွလာမည်၊အစာမစားချင်ဖြစ်လာမည်၊မအိပ်ချင်ဖြစ်လာမည်၊မှတ်ဉာဏ်ကောင်းအောင်၊အာရုံစူးစိုက်မှုရအောင်ကူညီပေးမည်ဖြစ်သည်။
အရေအတွက်များများ ရှုမိပါက နှလုံးခုန်နှုန်း မြန်လာမည်၊ သွေးဖိအားများလာမည်၊ ကိုယ်အပူချိန်မြင့်လာမည်ဖြစ် ကြောင်း စိတ်ကြွရူးသွပ်ဆေးနှင့် သက်ဆိုင်သည့် သုတေသနစာတမ်းများတွင် ဖော်ပြထားသည်။
ထိုဆေးကို အနည်းငယ် သုံးစွဲမည်ဆိုပါက အာရုံစူးစိုက်မှုကို အထောက်အကူပြုပေးသည်ဟုဆိုသော်လည်း များလျှင်ရူးသွားနိုင်သည်ဟု ပညာရှင်များက ဆိုကြသည်။
စိတ်ကြွရူးသွပ်ဆေး(အစိချေ)ကို ထိုင်းနိုင်ငံတွင် Yaba ဟုခေါ်ကြသည်။ Yaba (စိတ်ကြွရူးသွပ်ဆေး (အစိချေ)ကို ထိုင်းနိုင်ငံတွင် Yaba ဟုခေါ်ကြသည်။ Yaba (ရာဘ) ဆိုသည်မှာ ထိုင်းဘာသာ စကားဖြင့် “ရူးစေသောဆေး”ဟု အဓိပ္ပါယ်ရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်၏ မူးယစ်ဆေးဝါးပြသနာမှာပိုမိုကြီး မားသော စိန်ခေါ်မှုတရပ်ဖြစ်လာသည်ဟု ဒေသခံများကပြောဆိုကြသည်။မူးယစ်ဆေး ဝါးပြဿနာ သည် ရခိုင်လူငယ်များ အနာ ဂတ်အတွက် ခေါင်းခဲစေသော ပြဿနာလည်းဖြစ်သည်။
မူးယစ်ဆေးဝါးကို ကွမ်းယာ၊ဆေးလိပ်ဝယ်သလို စျေးပေါပေါနှင့် ဝယ်ယူရရှိနေသည့်အတွက်လည်း မူးယစ်ဆေးဝါးပြသနာမှာ တစ်စစကြီးမားလာသည်ဟုလည်း ဒေသခံအများစုက သုံးသပ်ကြသည်။
ယခင်က စိတ်ကြွရူးသွပ်ဆေးပြားတစ်ပြား၏ တန် ဖိုးမှာ (၂၅၀၀)ကျပ်၊ (၃၀၀၀)ကျပ်လောက်ရှိသော် လည်း လက်ရှိမှာ (၅၀၀)ကျပ်မှ (၈၀၀)ကျပ်အတွင်း စျေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။
ယူနက်စကိုစာရင်းဝင်ရန် ကြိုးပမ်းနေသည့် ရခိုင်တို့၏ နှလုံးသည်းပွတ်မြို့တော်ဖြစ်သော မြောက်ဦးမြို့က ဘုရားစေတီအစရှိသော သာသနိကအဆော က်အဦးများထဲတွင် မူးယစ်ဆေးဝါးသုံးစွဲထားသည့် ပစ္စည်းများကို မကြာခဏဆိုသလိုတွေ့မြင်နေရသ ည်ဟု မြောက်ဦးလူငယ်အစည်းအရုံးအတွင်းရေးမှူး ကိုကျော်ဇေယျာမျိုး ပြောသည်။
“ဒီ မူးယစ်ဆေးပပျောက်ဖို့ အာဏာပိုင် အဖွဲ့အစည်းတွေက လုပ်ဖို့လိုတယ်။အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ ရခိုင်မြို့နယ်အတော်များများမှာ မူးယစ်ဆေးနည်းနည်းပဲ သုံးတဲ့လူတွေကိုတော့ လိုက်ဖမ်းတာတွေ့တယ်။ ဒိုင်ကြီးတွေကို ဖမ်းဆီးတာမျိုး မတွေ့ဘူး။အခုကဆေးလိပ်တွေကွမ်းတွေ ဝယ်သလိုမျိုးဖြစ်နေတယ်”ဟု ကိုကျော်ဇေယျာမျိုးက လက်ရှိရခိုင်ပြည်တွင် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက် ကားနေပုံကို ပြောသည်။
”အစိုးရအနေဖြင့် တရားဥပဒေအရအရေးယူဆော င်ရွက်မှုများပြုလုပ်ရာတွင် မူးယစ်ဆေးဝါးသုံးစွဲသူ များ၊ မူးယစ်ဆေးဝါး အသေးစားရောင်းဝယ်သူများအား အရေးယူရေးကိုသာအာရုံထား၍ လုပ်ဆောင်ခြင်းမပြုဘဲ မူးယစ်ဆေးဝါးအကြီးစားထုတ်လုပ်သူများနှင့် မူးယစ်ရာဇာကြီးများကို အရေးယူနိုင်ရေးကို ပိုမိုအာရုံထား ကြိုးစားသွားသင့်ပါသည်။”ဟု ဒီချုပ်အစိုးရလက်ထက်က ဖွဲ့စည်းပေးခဲ့သည့် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသ တ် အစီရင်ခံစာမှာ ထောက်ပြအကြံ ပြုတိုက်တွန်းထားသည်။
သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အ စိုးရအနေဖြင့် အစိုးရသက် တမ်းတစ်လျှောက်တွင် ရခိုင်ပြည်နယ်ထဲက မွတ်စလင်များအရေးနှင့်သာ လုံးချာလည်နေခဲ့သည်ကို တွေ့ရသည်။
လက်ရှိ အာဏာသိမ်းစစ်ကောင်စီအစိုးရအဖို့လည်း ရက္ခိုင့်တပ်တော်(AA)ကို အမြစ်ပြတ်ချေမှုန်းမည်ဆိုသည့် ကြုံး ဝါးချက်အတိုင်းတိုက်ပွဲများ၊ထိုးစစ်များပြုလုပ်ရင်းသာ အချိန်ကုန်နေခဲ့သည်။
တစ်ဖက်မှာလည်း မူးယစ်ဆေးဝါးသုံးစွဲနေသူ ရခိုင်လူငယ်များကို ရက္ခိုင့်တပ်တော်(AA)က ခေါ်ယူထိန်း သိမ်းမှုများ ရှိခဲ့သော်လည်း မူးယစ်ဆေးဝါးတွင်ကျ ယ်စွာ လုပ်ကိုင်ဖြန့်ဝေနေမှုများကို ပြ တ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းမှု မတွေ့ရသေးပေ။
”မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် မှောင်ခိုမှုများသည် မြန်မာနိုင်ငံတွင် အကြမ်း ဖက်တိုက်ခိုက်မှုများကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းတစ်ခုအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့သည်။ ”
”ရခိုင်ပြည်နယ်တွင်လည်း Arakan Army-AAနှင့် Arakan Rohingya SalvationArmy -ARSA တို့သည် ၎င်းတို့၏လှုပ်ရှားမှုများကို မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းမှရရှိသော ဝင်ငွေများကိုအသုံးပြု၍ လုပ်ဆောင် နေကြသည်ဟူသည့် သတင်းများဖြစ်ပေါ်နေပါသည်။”
”အစိုးရဝန်ထမ်းများသည်လည်း မူးယစ်ဆေးဝါးရောင်းဝယ်မှုများတွင်ပါဝင်မှုရှိသည်ဟု စွပ်စွဲမှုများလည်း ရှိပါသည်။
ထိုအခြေအနေများကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်တွင် တရားဥပဒေစိုးမိုးမှုများအား နည်းခဲ့ရပါသ ည်။” ဟု ရခိုင်ပြည်နယ်ဆိုင်ရာအကြံ ပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံ စာမှာ ဖော်ပြထားသည်။
ကိုညီညီထွန်းကား မူးယစ်နွံထဲက ရုန်းထွက်ခဲ့သည်။
ယခုကဲ့သို့ မူးယစ်နွံထဲမှ ရုန်းထွက်ပြီး စာကြည့်တိုက်တစ်ခုကို ဦးဆောင်တ ည်ထောင်ခဲ့သည့် ကိုညီညီထွန်းအား ရဲဝံ့ပြီးအတုယူစရာကောင်းသည့် လူငယ်တစ်ဦးအဖြစ်မြင်မိကြောင်း ပေါက်တောလူထုစင်တာမှလူငယ် ကိုအောင်ခိုင်က ပြောသည်။
“ကျွန်တော်တို့ သတင်းတွေမှာ ဖတ်ရတာကတော့ သူ့မှာအိမ်တွေခြံတွေပေါင်ပြီး လုပ်တာလို့ သိရတယ်။ ဒီလိုမျိုး စာကြည့်တိုက်တစ်ခုကို တည်ထောင်တာကို လုပ်ရဲတယ်၊ သတိရှိတယ်လို့မြင်တယ်။ ဒီဟာက နမူနာကောင်းတစ်ခုပေါ့။ သူ့ကကိုယ့်ကိုကိုယ်ကိုယ် သူပြန်ပြီးတည်ထောင်ခဲ့တယ်။ နောက်ရခိုင်လူငယ်တွေ အတွက် အတုယူစရာလူငယ်တစ်ယောက်လို့ မြင်တယ်”ဟုကိုအောင်ခိုင်က ပြောသည်။
စာကြည့်တိုက် ခြံဝင်းအတွင်းမှာ အပန်းဖြေအနားယူရင်း စာဖတ်နိုင်ဖို့တန်းလျားငယ်များ တည်ဆောက်ချင် သေးသည်ဟု ကိုညီညီထွန်းက ပြောသည်။
စာကြည့်တိုက်ဖွင့်စက စာအုပ်ရေ ၆၀၀ ကျော်သာရှိသော်လည်း လက်ရှိတွင်အလှူရှင်များကလာရောက်လှူဒါန်းကြ သည့်အတွက် စာအုပ်ရေ၁၀၀၀ကျော် တင်ထားနိုင်ပြီဖြစ်သည်။
ကိုညီညီထွန်းသည် မိမိလုပ်ဆောင်မှုကို မဏ္ဍပ်တိုင်တက်ပြချင်သူလည်း မဟု တ်ပေ။ စာကြည့်တိုက်ကိုမိမိကဦးဆောင်တည်ထောင်ခဲ့သော်လည်း သူနဲ့အတူပါဝင်တည်ဆောက်သူများကို အသိအမှတ်ပြုနေရာပေးတတ်သူဖြစ်သည်။
“ဒီစာကြည့်တိုက်ကို တည်ဆောက်တာက ကျွန်တော်တယောက်တည်းပိုင်ဆောက်တာမဟုတ်ပါဘူး။လူငယ်စာ ကြည့်တိုက်ဆိုတော့ လူငယ်တစ်ရပ်လုံးကို ကိုယ်စားပြုပါတယ်။ပြီးတော့ ကျွန်တော်တစ် ယောက်တည်းနဲ့ လည်း ဒီလိုဖြစ်မလာပါဘူး။ကျွန်တော့်ရဲ့ညီတွေ၊ညီမတွေနဲ့ တိုင်ပင်ပြီးမှ အားလုံးပူး ပေါင်းပြီး လုပ်ကြတာပါ။ ဒီမှာပါဝင်တဲ့ ကျနော့်ညီတွေ၊ညီမတွေကိုလည်း အင်တာဗျူးစေချင်ပါတယ်”ဟု သူကပြောသည်။
“တစ်သက်လုံးပျော်ချင်သစ်ပင်စိုက်”ဟုဆိုရိုးရှိသ ည်။ စာကြည့်တိုက်တစ်ခု တည်ထောင်ခြင်းသည် သစ်တောကြီးတစ်ခုလုံးစိုက်ပျိုးသည်နှင့် ညီမျှပါ
သည်ဟု ကိုညီညီထွန်း ကပြောသည်။
တနင်္ဂနွေနေ့တိုင်း ရပ်ကွက်ထဲက ကလေးငယ်တွေစာကြည့်တိုက်ကိုလာပြီး စာအုပ်တွေကို ဖတ်ကြ၊ဆွေးနွေးငြင်းခုံနေကြသည်ကိုကြည့်၍ ကိုညီညီထွန်းကြည်နူးပီတိဖြစ်ရသည်ဟု ဆိုသည်။
“စာကြည့်တိုက်တစ်ခုတည်ထောင်တာတော့ တည် ထောင်ပြီးပြီ။ဘယ်အရာမဆို တည်ဆောက်ပြီး ထိန်းသိမ်းတဲ့အ ပိုင်းမှာ အခက်အခဲကရှိတယ်။ဒါကြောင့် ကျွန်တော်တို့ ဒီစာကြည့်တိုက်ကို စည်းစနစ်ကျကျနဲ့ ရေရှည်ရပ်တည်နိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားရဦးမယ်။အားလုံးရဲ့ အကြုံပြုချက်တွေ၊အကူညီတွေကို မျှော်လင့်ပါတယ်။”ဟု ကိုညီညီထွန်းကပြောသည်။
https://www.facebook.com/permalink.php?story_fbid=145034191272229&id=107469705028678