By Development Media Group (DMG)/ 2022 February 18

မလေးရှားနိုင်ငံသို့သွားရောက်မည့် မွတ်ဆလင် ၆၅ ဦးကို ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်က စစ်တွေမြို့နယ်၊ အောင်တိုင်ရွာအနီးတွင်ဖမ်းဆီးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။
အောင်တိုင်ကျေးရွာအနီးရှိ ဦးအောင်စိန်သာပိုင်ဆိုင်သော လယ်စောင့်တဲတွင် မွတ်ဆလင်များရောက်ရှိနေသည်ဟု သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ တဲအတွင်း၌ ကျား ၂၆ ဦး၊ မ ၃၉ ဦး၊ စုစုပေါင်း ၆၅ ဦးတို့ကို တွေ့ရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“သူတို့ကို မလေးရှားကိုပို့ဖို့အတွက် တစ်ယောက်ကို ဆယ့်ငါးသိန်းနဲ့ခေါ်လာတာလို့ စစ်ဆေးပေါ်ပေါက်ထားတယ်။ လက်ရှိမှာ လဝကတာဝန်ရှိသူတွေက စစ်ဆေးတာတွေလုပ်နေတယ်။ ပြီးရင် ကိုဗစ်ရှိ၊မရှိ စစ်ဆေးတာတွေလုပ်သွားမယ်”ဟု ၎င်းရဲအရာရှိကဆိုသည်။
အဆိုပါမွတ်ဆလင်များကို လက်ရှိတွင် စစ်တွေမြို့မရဲစခန်း၌ ထိန်းသိမ်းစစ်ဆေးလျက်ရှိပြီး ပ/၅၆/၂၀၂၂ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၇၊ ၁၁၄ဖြင့် အမှုဖွင့်ထားကြောင်းနှင့် ယင်းမွတ်ဆလင်များကို ပို့ဆောင်ပေးမည့်ပွဲစားသုံးဦးကိုလည်း လိုက်လံစုံစမ်းလျက်ရှိကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
မြန်မာနိုင်ငံအတွင်းနေထိုင်သည့် မွတ်ဆလင်များ မြန်မာနိုင်ငံအတွင်းသွားလာ၍ ဖမ်းဆီးခံရခြင်းမှာ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဟု လုံခြုံရေးအရအမည််မဖော်လိုသည့် မွတ်ဆလင်တစ်ဦးကဆိုသည်။
“ကျွန်တော်တို့မှာ မှတ်ပုံတင်လုပ်မယ်ဆိုရင်လည်း နှစ်နဲ့ချီပြီးကြာတယ်။ ဒီတော့ အရေးအကြောင်းနဲ့သွားလာဖို့ဆိုရင် မသွားရဘူး။ ဒီတော့ အဆင်ပြေသလိုသွားကြပြန်တော့လည်း ခိုးဝင်ဆိုပြီး ဖမ်းကြဆီးကြတယ်။ ဒါဟာ ကျွန်တော်တို့ကိုလူ့အခွင့်အရေး ချိုးဖောက်တာပါ”ဟု ၎င်းမွတ်ဆလင်ကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း ရခိုင်မှသွားရောက်သည့် မွတ်ဆလင် ၄၈ ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်တွင်ဖမ်းဆီးခဲ့ပြီး ယင်းတို့အနက် ၃၂ ဦးကို လဝကဥပဒေဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ထားကြောင်း သိရသည်။