မလေးရှားနိုင်ငံသို့သွားမည့် အထောက်အထားမဲ့ မူဆလင် ၆၅ ဦး စစ်တွေတွင် ဖမ်းဆီးခံရ

By Narinjara / 2022 February 18

သဥ္ဇာနွယ်

ဓာတ်ပုံ – ပုံဟောင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မလေးရှားနိုင်ငံသို့သွားမည့် အထောက်အထားမဲ့မူဆလင် ၆၅ ဦး ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။

၄င်းတို့ကို ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီခွဲခန့်က စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွွာ ချောင်းဝအနီးတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်းသောအဖွဲ့က ဖမ်းဆီးခဲ့ပြီး စစ်တွေသို့ ခေါ်ဆောင်သွားသည်ဟု အောင်တိုင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်မြစိန်က နိရဥ္စရာကိုပြောသည်။

“သူတို့ရှိတယ်သတင်းကြားတယ်ဆိုလို့ လာဖမ်းသွားတာပါ။ ရဲကတော့ ရေချမ်းပြင်ကရဲ။ တပ်ကတော့ ဘယ်တပ်မှန်းမသိပါဘူး။ လဝကကို့ပို့မယ်ဆိုပြီး မြို့ကိုခေါ်သွားတယ်”ဟု ပြောသည်။

ဖမ်းဆီးခံလိုက်ရသော မူဆလင်များတွင် အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး ၃၉ ဦးတို့ပါဝင်သည်ဟု သိရသည်။

၎င်းတို့၏ပြောဆိုချက်အရ အောင်တိုင်ကျေးရွာမှ ပွဲစားတစ်ဦးက ၎င်းတို့ကို မလေးရှားနိုင်ငံသို့ စက်လှေဖြင့်ပို့ဆောင်ပေးမည်ဟုဆိုကာ ပို့ဆောင်ခအဖြစ် ၁ ဦးလျှင် ငွေကျပ် ၁၅ သိန်းဖြင့် သွေးဆောင်ဖျားယောင်းခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ၄င်းတို့ကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးမည်ဟု သွေးဆောင်ဖျားယောင်း၍ ငွေကြေးရ ယူရန်ကြိုးစားခဲ့သည့် ပွဲစား ၃ ဦးအား ဥပဒေအရ အရေးယူနိုင်ရန်အတွက် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် နံနက် ၆ နာရီခန့်ကလည်း စစ်တွေမြို့နှင့် ရေမိုင် ၂ဝ အကွာရှိ ဘင်္ဂလားပင်လယ်အော်အတွင်း မလေးရှားနိုင်ငံသို့သွားရောက်သည့် တရားမဝင်မှောင်ခိုစက်လှေ ၁ စီးနှင့်အတူ အမျိုးသမီးများပါဝင်သည့် အထောက်အထားမဲ့ မူဆလင် ၂ဝဝ ကျော် ဖမ်းဆီးခံခဲ့ရသည်။

ယင်းအနက် ၁၈ နှစ်အောက်ကလေးများကို ပြန်လွှတ်ပေးခဲ့ပြီး ၁၈ နှစ်အထက်ရှိသူများကို လဝကဥပဒေဖြင့် တစ်ဦးလျှင် ထောင်ဒဏ် ၅ နှစ်စီချမှတ်ခဲ့သည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/5226508174027884

Leave a Reply

Your email address will not be published.