မင်းပြားဂရင်ဂျိုင်ဆည်တွင် ရေခမ်းခြောက်နေ၍ မြို့ပေါ်ရပ်ကွက်အချို့ သုံးရေအခက်အခဲဖြစ်နေ

By Narinjara / 2022 February 03

မြထွီးသျှင်

ဓာတ်ပုံ – Min Bya ဖေ့ဘုတ်

ရခိုင်ပြည်နယ် မင်းပြားမြို့ပေါ်ရပ်ကွက်အချို့အား ပိုက်လိုင်းစနစ်ဖြင့် ရေပေးဝေနေသည့် ဂရင်ဂျိုင်ဆည်တွင် ရေကုန်ခမ်းလာသဖြင့် အဆိုပါရပ်ကွက်များ၌ သုံးရေအခက်အခဲများရှိနေပြီး ပြင်ပမှ ဝယ်ယူသုံးစွဲနေရသည်ဟု ဒေသခံများက ပြောသည်။

မင်းပြားမြို့တွင် မြို့ပေါ်ရပ်ကွက် ၈ ခုရှိပြီး ယင်းအနက် ဥက္ကာပျံရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ စျေးဟောင်းပိုင်းရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်တို့ကို ဂရင်ဂျိုင်ဆည်မှ သုံးရေများကို ပိုက်လိုင်းများဖြင့်  ဖြန့်ဝေပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ အဆိုပါဆည်မှ ရေမရသည်မှာ ရက်သတ္တပတ်တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး ရပ်ကွက်သူ၊ ရပ်ကွက်သားများအနေဖြင့် ကားများ၊ သုံးဘီးများဖြင့် ရေလာရောင်းသူများထံမှ လီတာတစ်ထောင်ကို ၅၀၀၀၊ ၆၀၀၀ ခန့်ဖြင့် ဝယ်ယူသုံးစွဲနေရကြောင်း မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လှက နိရဥ္စရာသို့ ပြောသည်။

“ရေကို ကားတွေနဲ့ဝယ်လို့သုံးရတယ်။ ဖလောင်းပြင်ဆည်ကနေ ကားတစ်စီးကို လီတာ ၁၀၀၀ ဘူး၊ ၁၅၀၀ ဘူးဆိုရင် ၆၀၀၀၊ ၅၀၀၀ အဲလိုဝယ်သုံးရတယ်။ အခုရေမရတာ တစ်ပတ်လောက်ရှိပြီ။ ရေနဲ့တော့ သိပ်အခက်အခဲဖြစ်တယ်” ဟုပြောသည်။

ရေပြတ်တောက်နေသည့် ရပ်ကွက် ၄ ခုတွင် အိမ်ထောင်စုပေါင်း ၂,၈ဝဝ ခန့်ရှိပြီး ယင်းအထဲတွင် ပိုက်လိုင်းဖြင့်သုံးစွဲသူများလည်းပါဝင်သလို ရပ်ကွက်ရှိ ရေကန်များမှသုံးစွဲနေသူများလည်း ပါဝင်သည်ဟု သိရသည်။

လက်ရှိတွင် ယခုကဲ့သို့ပြင်ပမှ ရေများဝယ်ယူသုံးစွဲနေရသည့်အတွက် ၄င်းတို့တွင် ငွေကုန်ကြေးကျလည်း ပိုများနေသည်ဟု မြို့သစ်ရပ်ကွက်နေဒေသခံတစ်ဦးက ပြောသည်။

“လက်ရှိမှာတော့ ရပ်ကွက်ထဲမှာရှိိတဲ့ ဟိုကန်ကယူ၊ ဒီကန်ကယူပေါ့။ သုံးရေကတော့ အခက်အခဲဖြစ်နေပြီ” ဟုပြောသည်။

ဂရင်ဂျိုင်ဆည်မှာ နှစ်စဉ်နှစ်တိုင်းလိုလို နွေရာသီရောက်ခါနီးတိုင်း ရေခမ်းခြောက်လေ့ရှိပြီး ရပ်ကွက်များသို့သွယ်တန်းထားသည့်ပိုက်များ ပေါက်ပြဲနေမှုများကြောင့်လည်း ရေများ အလဟသကုန်ဆုံးသွားတတ်သည်ဟု ဥက္ကာပျံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လှက ဆက်ပြောသည်။

“ရေက သူတို့လွှတ်တဲ့အချိန်မှာ လွှတ်တယ်။ ပိုက်တွေ ပေါက်တယ်၊ ပိုက်တွေကိုလည်း ဂရုမစိုက်ဘူး။ ဥပမာ ပိုက်တွေကို နွားတွေနင်းသွားတယ်။ ပိုက်တွေက ပေါက်ထွက်သွားပြီး ရေတွေမလိုအပ်ဘဲ ပွင့်ထွက်သွားတယ်။ အဲလိုတွေဆိုတော့ ရေကမလိုအပ်ဘဲ ကုန်ခမ်းသွားတာရှိတယ်”ဟု ပြောသည်။

လက်ရှိတွင် ရေပြတ်တောက်နေသည့်ရပ်ကွက်များအတွင်း နွေရာသီတွင် ရေရှားပါးမှုမဖြစ်ရအောင် ရပ်ကွက်ထဲရှိရေကန်များမှရေကို အချိန်နှင့် ခပ်ယူသုံးစွဲခိုင်းထားကြောင်း ပြည်တော်လှအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက နိရဥ္စရာသို့ပြောသည်။

“ကန်ထဲတွေမှာ ရေရှိသေးတယ်။ ကျနော်တို့ပြည်တော်လှရပ်ကွက်မှာဆိုရင် ရေကိုအချိန်နဲ့ ခပ်ခိုင်းတယ်၊ ပေးတယ်။ နွေရာသီမှာ ရေရှားပါးမှုမဖြစ်ရအောင်ပေါ့။ မြို့နယ်အုပ်ချုပ်ရေးမှူးက အခြားရပ်ကွက်တွေကိုလည်း အဲလိုကန်ကရေတွေကို အချိန်နဲ့ကန့်သတ်ပြီးတော့ သုံးစွဲဖို့ကိုလည်း မှာကြားလို့ရှိတယ်” ဟုပြောသည်။

မင်းပြားမြို့အနီးရှိ နောက်ထပ်ဆည်တစ်ခုဖြစ်သော ဖလောင်းပြင်ဆည်မှရေများကို မင်းပြားတစ်မြို့လုံးသို့ သောက်သုံးရေဖြန့်ဝေနိုင်ရန် ပိုက်များသွယ်တန်းနေသော်လည်း ပြီးစီးမှုမရှိသေးဟု မြို့ခံများက ပြောသည်။

မင်းပြားမြို့အနီးတွင် ဂရင်ဂျိုင်ဆည်၊ ဖလောင်းပြင်ဆည်နှင့် မြောင်းကြီးဆည်ဟူ၍ ဆည် ၃ ခုနှင့် ရေကန် ၃၄ ကန်ရှိသည်ဟု သိရသည်။

လက်ရှိအချိန်ထိ ထိုဆည်များမှ ရေကို လုံလုံလောက်လောက်ပေးဝေနိုင်ခြင်းမရှိသေး၍ နွေရာသီရောက်တိုင်း မင်းပြားတွင် သောက်သုံးရေရှားပါးမှုပြဿနာနှင့် နှစ်စဉ်ကြုံနေရကြောင်း ဒေသခံများက ပြောသည်။

https://www.facebook.com/narinjara.info/posts/5178632955482073

Leave a Reply

Your email address will not be published.