မင်းဂံအကွက်(၈)ဈေးမှ ဆိုင်ခန်း ၂၀ ခန့်ကို ဖယ်ရှားပေးရန် မီးသတ်ဌာနမှ သတိပေး

By Development Media Group (DMG)/ 2022 February 08

စစ်တွေမြို့၊ မင်းဂံအကွက်(၈)ရပ်ကွက်ဈေးမှ ဈေးဆိုင် ၂၀ ခန့်ကို ကျူးကျော်ဟုဆိုကာ ဖယ်ရှားပေးရန် ဖေဖော်ဝါရီ(၆)ရက်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှ သတိပေးစာစောင်များပေးခဲ့ကြောင်း ဆိုင်ရှင်များထံမှသိရသည်။

အဆိုပါဈေးဆိုင်များမှာ မင်းဂံနယ်မြေ မီးသတ်စခန်းပိုင်မြေကို ကျူးကျော်ဆောက်လုပ်ထားသည်ဟုဆိုကာ ဖယ်ရှားပေးရန် စာဖြင့်အသိပေးလာခြင်းဖြစ်သည်။

“ဒီနေရာကို မီးသတ်ပိုင်မြေတဲ့၊ ကျူးကျော်ဆိုပြီး ဖယ်ပေးရမယ်တဲ့။ ကျွန်မတို့ကိုကျူးကျော်ဆိုပြီးပြောတယ်။ ကျွန်မတို့ ကျူးကျော်ပြီးနေတာမဟုတ်ဘူး။ ဒီမြေကိုဝယ်ပြီးနေတာ နှစ်ပေါင်း ၂၀ ကျော်ရှိပြီ။ ပြီးတော့ ဒီမြေကို ကျူးကျော်နယ်မြေလို့လည်း ပြောလို့မရဘူး။ ကျူးကျော်မြေဆိုရင် ကျမတို့ပိုက်ဆံပေးပြီးဝယ်ပါ့မလား”ဟု ဈေးအနီးတွင်နေထိုင်သည့် မစောမြသန္တာက DMG သို့ ပြောသည်။

အဆိုပါစာတွင် ယင်းမြေရာမှာ ပြည်ထဲရေးဝန်ကြီး၊ မီးသတ်ဦးစီးဌာန၊ စစ်တွေမြို့နယ် မင်းဂံနယ်မြေ မီးသတ်စခန်းပိုင်ဆိုင်သော မြေဧရိယာ ၁ ဒသမ ၄၅ ဧကပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားသော အိမ်ရာများ၊ ဈေးဆိုင်ခန်းများဖြစ်နေသဖြင့် ယခုလ မကုန်မီ အမြန်ဆုံးဖယ်ရှားရှင်းလင်းပေးရန်နှင့် မဖယ်ရှားပါက သက်ဆိုင်ရာဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းပါရှိသည်။

ယင်းအပြင် မစောမြသန္တာက ထိုမြေနေရာမှာ မီးသတ်မြေဆိုပြီး ဖယ်ရှားခိုင်းလျှင် မြေနေရာနှင့်ကိုက်ညီသည့် ကာလပေါက်ဈေး တန်ဖိုးပေးစေလိုကြောင်းဆိုသည်။

လက်ရှိတွင် အဆိုပါဆိုင်ခန်းများကိုမှီခိုနေရသည့်အတွက် နောက်ထပ်အစားထိုးနေရာတစ်ခုရစေချင်ကြောင်းလည်း ဈေးဆိုင်ပိုင်ရှင်များက ပြောသည်။

ကုန်စုံဆိုင်ရောင်းချသူ ဒေါ်ခင်မေက “ဖယ်ပေးရမယ်ဆိုရင်လည်း အန်တီဖက်ကလည်း သူတို့ကို အသနားခံတောင်းဆိုချင်တယ်။ ဒီဈေးကိုမှီခိုပြီး ဈေးရောင်းစားနေရတာလေ။ မိသားစုစားဝတ်နေရေးအတွက် ဒီဈေးဆိုင်ရောင်းပြီးစားနေကြတာ။ ဘယ်လိုလုပ် ဈေးဆိုင်ကိုဖြိုစေချင်မှာလဲ။ စားဝတ်နေ‌ရေးအတွက်လုပ်စားလို့ရမယ့်နေရာတစ်ခုချ ပေးစေချင်တယ်”ဟု ပြောသည်။

လက်ရှိတွင် အကျပ်အတည်းကာလဖြစ်သည့်အတွက် ဆိုင်ခန်းတို့ကိုပြောင်းပြီး ပြန်လည်ဆောက်ရန် ငွေကြေးအခက်ခဲများရှိနေကြသဖြင့် ယခုကဲ့သို့ဖယ်ရှားရမည်ကို ဆိုင်သည်များက စိတ်မကောင်းဖြစ်နေကြသည်။

“အန်တီတို့အနေနဲ့ ဆိုင်တွေကိုဖယ်ပေးရမယ်ဆိုတော့ စိတ်မကောင်းဘူး။ စားဝတ်နေရေးအဆင်မပြေတဲ့အချိန်မှာ ဆိုင်ကိုဖျက်ပြီး ပြန်လုပ်ရမယ်ဆိုရင် မရှိတဲ့လူတွေမှာပြန်ပြီး ဆိုင်ဆောက်လုပ်ရမှာ မလွယ်ဘူးလေ။ ဝမ်းလည်းနည်းတယ်။ ဒီမှာဆိုင်ရောင်းတာလည်း နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီ။ လက်လုပ်လက်စား အနေနဲ့ မိသားစုစားဝတ်နေရေးအတွက် ဒီဆိုင်ကိုမှီခိုပြီး စားသောက်နေရတာ”ဟု ငါးခြောက်ရောင်းသူ ဒေါ်ခင်နိုင်ကြည်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့နယ်မီးသတ်ဌာနမှ ဦးစီးမှူး ဦးကျော်လင်းအား DMG မှဆက်သွယ်ခဲ့ရာတွင် မီးသတ်ပိုင်မြေနေရာပေါ်မူတည်ပြီး ကျူးကျော်ဆိုင်များကိုသာ ဖယ်ရှားသွားမည်ဖြစ်သလို ဈေးဆိုင်သည်တို့နှင့်ညှိနှိုင်းနေကြောင်း ဆိုသည်။

“မီးသတ်ပိုင်တဲ့မြေနေရာတွေကိုပဲ ဖယ်ပေးရမှာ။ ကျန်တဲ့နေရာတွေ မပါဘူး။ ကျွန်တော်တို့ပိုင်ဆိုင်မှု အတိုင်းအတာပေါ်မူတည်ပြီး ပါတဲ့ဆိုင်က ဘယ်လောက်ရှိမလဲဆိုတာတော့ အတိအကျမသိသေးဘူး။ ဘယ်နေ့လောက်ဖယ်ရှားမယ်ဆိုတာလည်း အတိအကျမပြောနိုင်သေးဘူး။ ကျွန်တော်တို့အနေနဲ့ လူမှုရေးအရ သူတို့ကိုညှိနှိုင်းနေတယ်။ အဓိကတော့ သူတို့မပိုင်တဲ့နေရာမှာ သူတို့ကိုယ်ဟာကိုယ်ထွက်ပေးဖို့ပေါ့။ ကျွန်တော်တို့ပိုင်ဆိုင်မှု အတိုင်းတာလောက်ပဲတောင်းမှာပါ၊ ကျွန်တော်တို့ပိုင်ဆိုင်မှုနဲ့ လွှတ်တဲ့ ဆိုင်တွေ တစ်ခုမှမပါပါဘူး”ဟု ဦးကျော်လင်းက DMG ကိုပြောသည်။

အဆိုပါ မင်းဂံအကွက်(၈)ရပ်ကွက်ဈေးကို တည်ဆောက်ထားသည်မှာ နှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်ကာ ဈေးဆိုင်ပေါင်း ၃၀‌ ကျော်ရှိကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2220508464768219

Leave a Reply

Your email address will not be published.