ဘိလပ်မြေစျေး နှစ်ဆခန့်မြင့်တက်လာမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ပြည်သူများအခက်အခဲဖြစ်

By Development Media Group (DMG)/ 2022 February 13

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အခြေခံလူသုံးကုန်ပစ္စည်းများအပါအဝင် ဘိလပ်မြေစျေးနှုန်းများလည်း နှစ်ဆခန့်မြင့်တက်လာသဖြင့် အိမ်ဆောက်မည့်သူများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှာ အခက်အခဲများနှင့်ကြုံတွေနေရကြောင်း သတင်းရရှိသည်။

ယခင် စစ်အာဏာမသိမ်းမီကာလက ဘိလပ်မြေတစ်အိတ်ကို ၇၀၀၀၊ ၈၀၀၀ ကျပ်ဖြင့်ဝယ်ယူရရှိသော်လည်း ယခုအချိန်တွင် ဘိလပ်မြေတစ်အိတ်ကို ဈေးနှုန်း ၁၃၀၀၀၊ ၁၄၀၀၀ ကျပ်ခန့်အထိ စျေးနှစ်ဆမြင့်တက်နေကြောင်း ရခိုင်ပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။

“တစ်ပိုင်တစ်နိုင် အိမ်ဆောက်မယ့်သူတွေလည်း မဆောက်နိုင်ဘူး။ အိမ်နှစ်ထပ်ဆောင်လေး တစ်ဆောင်ဆောက်ဖို့အတွက် သိန်း ၂၀၀ လောက်နဲ့မရတော့ဘူး။ ကုမ္ပဏီတွေကျတော့ တင်ဒါချတဲ့အခါ စျေးနှုန်းက ဘိလပ်မြေတစ်အိတ်ကို ၁၃၀၀၀ လောက်နဲ့ချပေးလိုက်ရင် ကိစ္စမရှိဘူး။ မပြီးစီးသေးတဲ့ဘိလပ်မြေ တစ်အိတ်ကို ကျပ် ၈၀၀၀ နှုန်းနဲ့ ချပေးထားတဲ့လုပ်ငန်းတွေကတော့ စျေးတက်လာလို့အခက်အခဲရှိတယ်“ဟု ဆောက်လုပ်ရေး အင်ဂျင်နီယာ ကိုအောင်နိုင်ထွန်းကပြောသည်။

ထိုသို့ ဘိလပ်မြေစျေးနှုန်းများ နှစ်ဆခန့်မြင့်တက်လာခြင်းမှာ တစ်ချို့သော စီးပွားရေးသမားများက ယခင်သိုလှောင်ထားသည့် ဘိလပ်မြေများကို စျေးနှုန်းမြှင့်တင်ကာ ရောင်းချမှုများလည်းရှိနေကြသည့်အတွက်ကြောင့်ဟုလည်း ကိုအောင်နိုင်ထွန်းကဆိုသည်။

ဘိလပ်မြေစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် လုပ်ငန်းရှင်များသာမက ပြည်သူတို့အပေါ်တွင်လည်း ရိုက်ခတ်မှုများရှိနေကြောင်း ရခိုင်ပြည်နယ်ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဒုတိယအတွင်းရေးမှူး ဦးထွန်းလှကျော်က DMG ကိုပြောသည်။

“တိုက်ဆိုင်တာလားတော့မသိဘူး။ စစ်ကောင်စီအစိုးရတာဝန်ယူပြီး တစ်လနှစ်လအတွင်း စျေးနှုန်းတွေအပြောင်းအလဲဖြစ်သွားတာ။ အစိုးရအပြောင်းအလဲကြောင့် အစိုးရကန့်သတ်မှုတွေများလို့ စျေးတက်လာတာ။ အဓိက အရင်ဆုံးထိခိုက်နစ်နာတာက ပြည်သူလူထူပေါ့။ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေ၊ ကန်ထရိုက်တာတွေ အများဆုံးနစ်နာကြတယ်။ တစ်ချို့ကလည်း ဘိလပ်မြေတွေကို စျေးတင်ပြီးရောင်းနေကြတာတွေလည်းပါတယ်”ဟု ဦးထွန်းလှကျော်ကပြောသည်။

အခြားတစ်ဘက်တွင်လည်း ဘိလပ်မြေဈေးတက်နေရခြင်းမှာ ထိုင်းနိုင်ငံမှတင်သွင်းသည့် ဘိလပ်မြေအိတ်များ အဝင်နည်းလာခြင်းနှင့် နိုင်ငံတွင်းရှိ ဘိလပ်မြေစက်ရုံများမှ ထုတ်လုပ်မှုအားနည်းသွားခြင်းကြောင့်ဟုလည်း ယူဆနေကြသည်။

စစ်တွေမြို့ ရွှေငါးဘိလပ်မြေဆိုင်မှ အမည်မဖော်လိုသူတစ်ဦးက “CROWN ဘိလပ်မြေတစ်အိတ်ကိုတော့ ၁၂၇၀၀၊ ၁၃ဝဝဝကျပ်။ ဆင်တံဆိပ်ကတော့ ၁၃၅၀၀၊ ၁၄၀၀၀ နှုန်းနဲ့ရောင်းတယ်။  တစ်ချို့တွေတော့ ရပ်ထားတာတွေရှိတယ်။ တစ်ချို့တွေလည်း ပုံမှန်ရောင်းနေတာတွေရှိတယ်။ အရောင်းအဝယ်တွေကတော့ အရင်လောက်မကောင်းဘူး။ ယိုးဒယားဘက်ကလည်း အဝင်နည်းတယ်။ ဒီဘက်မှာလည်း စက်ရုံကထုတ်လုပ်မှုနှုန်းတွေကျသွားတယ်။ ပစ္စည်းတွေကလည်း အဝင်နည်းသွားလို့ စျေးတက်လာတာ ထင်ပါတယ်“ဟု ပြောသည်။

ပြည်မဘက်တွင် ဘိလပ်မြေပေါက်စျေးမှာ ကျပ် ၉၀၀၀ ကျော်ခန့်ရှိနေပြီး ရခိုင်ပြည်နယ်သို့ သ‌င်္ဘောဖြင့်ရောက်ရှိလာပါက ငွေကျပ် ၁၀၀၀ ကျော် စျေးမြင့်တက်သွားခြင်းဖြစ်သည်ဟု ဘိလပ်မြေရောင်းချနေသူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဒေါ်လာစျေးနှုန်းများ၊ စားသုံးကုန်ဆီစျေးနှုန်းများ၊ စက်သုံးဆီစျေးနှုန်းများ၊ ရွှေစျေးနှုန်းများမှာ အဆမတန်မြင့်တက်လာခဲ့ကာ ပြည်သူများမှာလည်း နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲများနှင့်ရင်ဆိုင်နေကြရသည်။

https://www.facebook.com/dmgnewsagency/posts/2224336817718717

Leave a Reply

Your email address will not be published.