ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် မွတ်ဆလင်များကို ပြန်လည်လက်ခံရန်စီစဥ်နေ

By Development Media Group (DMG)/ 2022 February 05

ပုံစာ – ၂၀၁၈ နှစ်ဆန်းပိုင်းက မိမိသဘောဆန္ဒဖြင့် ပြန်လည်ဝင်ရောက်လာကြသော မွတ်ဆလင်များအား တွေ့ရစဉ်။

မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် မွတ်ဆလင်များကို ပြန်လည်လက်ခံရန်အတွက် စနစ်တကျစီစဥ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းက DMG သို့ပြောသည်။

ပြန်လည်လက်ခံရေးအစီအစဥ်ကို ပြည်ထောင်စုအဆင့်မှ တိုက်ရိုက်စီစဥ်နေခြင်းဖြစ်ပြီး ရေကြောင်းမှ ပြန်လည် ဝင်ရောက်လာသူများကို ငါးခူရ ပြန်လည်လက်ခံရေးစခန်းနှင့် ကုန်းကြောင်းမှပြန်လည်ဝင်ရောက်လာသူများကို တောင်ပြိုလက်ဝဲစခန်းတွင် လက်ခံမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ ပြည်ထောင်စုအဆင့်ကလုပ်တာပေါ့နော်။ တော်တော်လေး စနစ်တကျ လုပ်ထားတာလို့ ငါတို့လည်း ကြားရတယ်။ ရေကြောင်းကလာလို့ရှိရင် ငါးခူရစခန်း ကလက်ခံမှာဖြစ်ပြီး ကုန်းကြောင်းကလာလို့ရှိရင် တောင်ပြိုလက်ဝဲ ကလက်ခံမှာဖြစ်တယ်။ အဲဒီစခန်းနှစ်ခုက လက်ခံပြီးတဲ့လူတွေကို လှဖိုးခေါင်စခန်းကိုပို့မှာ” ဟု ဦးလှသိန်းက ပြောသည်။

သို့သော် မည်သည့်နေ့ရက်တွင် ပြန်လည်လက်ခံမည်ကို  ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

ပြန်လည်ဝင်ရောက်လာမည့်သူများအနေဖြင့် Covid 19 ရောဂါ ကင်းရှင်းကြောင်း ခိုင်လုံသည့်အထောက်အထားများ ယူဆောင်လာရမည်ဖြစ်ကာ ရောက်ရှိလျှင်  Covid 19 ရောဂါ ရှိ၊ မရှိ စစ်ဆေးပြီးမှသာလျှင် လက်ခံမည်ဟု ဦးလှသိန်းက ပြောသည်။

“ပိုးတွေ့ရင် မဝင်ခိုင်းဘူး။ ပိုးမတွေ့တဲ့လူကို လှဖိုးခေါင်စခန်းကိုပို့မယ်။ လှဖိုးခေါင်စခန်းကို ပို့ပြီးမှ သူတို့ကို ဆက်လက်နေရာချထားမယ်။ အဲဒီအသေးစိတ်ကိုတော့ မသိရသေးဘူး။ ဘယ်နေ့လက်ခံမယ်ဆိုတာလည်း မသိရသေးဘူး”ဟု ဦးလှသိန်းက ပြောသည်။

အဆိုပါ ပြန်လည်လက်ခံရေးကိစ္စများနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း နေပြည်တော်တွင် စစ်ကောင်စီလက်ခံအောက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း စသူတို့က ဆွေးနွေးခဲ့ကြသည်။

တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား Covid 19 ဖြစ်ပွား မှု အခြေအနေအပေါ် မူတည်ကာ လိုအပ်သောစိစစ်မှုများ ဆောင်ရွက်ပြီးမှသာ ပြန်လည်လက်ခံရေးအတွက် တင်ပြ ဆောင်ရွက်သွားရန် စီစဥ်ထားရှိမှု ၊ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ပေးပို့လာသော ပြန်လည်ဝင်ရောက်လိုသူ စာရင်း များအနက် ကနဦးစမ်းသပ် အစီအစဉ်ဖြင့် ဆောင် ရွက်ရန် စီစဉ်ထားရှိမှုများကို ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြထားကြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း မွတ်ဆလင်ပြန်လည်လက်ခံရေးကိစ္စများနှင့်ပတ်သက်ပြီး မောင် တောမြို့နယ် တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်း၊ငါးခူရ ပြန်လည်လက်ခံရေးစခန်း၊ လှဖိုးခေါင်ပြန်လည် လက်ခံရေးစခန်းများသို့ သွားရောက်စစ်ဆေးခဲ့ကြသည်။

၂၀၁၇ ခုနှစ် မောင်တောဒေသရှိ ရဲကင်းစခန်းများကို ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ ဝင်များသေဆုံး၊ ဒဏ်ရာရရှိခဲ့ကြသည်။ထို့ကြောင့် မြန်မာစစ်တပ်က ပြန်လည်လက်တုန့်ပြန်ရာတွင် မွတ်ဆလင် (၇) သိန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားရသည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းက ပြောဆိုထား သည်။

https://www.facebook.com/dmgnewsagency/posts/2218510498301349

Leave a Reply

Your email address will not be published.