By Narinjara / 2022 February 12
မာန်ယုကျော် (ရွှေဝမြေ)

Photo – Channel News Independent
နေပြည်တော်တွင် ယနေ့ပြုလုပ်ခဲ့သည့် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုပွဲအခမ်းအနားသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)အပါအဝင် NCA လက်မှတ်မထိုးသည့်အဖွဲ့ ၄ ဖွဲ့နှင့် ထိုးထားသည့်အဖွဲ့ ၇ ဖွဲ့တက်ရောက်ခဲ့သည်ဟု သိရသည်။
NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် ULA မှ ဦးဦးလှစောဦးဆောင်သောကိုယ်စားလှယ် ၇ ဦး၊ UWSA မှ ဦးညီရမ်းအပါအဝင် ၃ ဦး၊ SSPP/SSA မှဗဟိုကော်မ တီဝင်စိုင်းနော်လိတ်အပါအဝင် ၃ ဦးနှင့် မိုင်းလားအဖွဲ့မှ ဆက်ဆံရေးအရာရှိကြီးမှူး စိုင်းမောက်အပါအဝင် ၃ ဦးတို့တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
ULA/AA ၏ပြောခွင့်ရသူ ဦးခိုင်သုခကလည်း “ဒီနေ့ပြည်ထောင်စုနေ့အခမ်းအနားကို ULA/AA က ဦးဦးလှစော ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေတာရှိတယ်”ဟု နိရ ဉ္စရာကို အတည်ပြုသည်။
အလားတူ NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များအနက် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)မှဗဟိုကော်မတီဝင် ၂ ဦးအပါအဝင် ၄ ဦး ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ကော့ကရိတ်ခရိုင် ဥက္ကဋ္ဌပဒိုစောရွှေမောင်းနှင့်ခ ရိုင်ကော်မတီဝင် ၁ ဦး ၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA(PC)မှ ဒု- ဥက္ကဋ္ဌအပါအဝင် ၅ ဦး၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒု-စစ်ဦးစီးချုပ်အပါအဝင် ၄ ဦး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဒု-ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းနှင့် စစ်ဦးစီးချုပ်ခိုင်စောမြအပါအဝင် ၆ ဦး ၊ မွန်ပြည်သစ်ပါတီ (MNSP)မှ နိုင်စိုက်ချမ်းနှင့်အဖွဲ့ဝင်များ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)မှ အတွင်းရေးမှူး(၂)အပါအဝင် ၂ ဦးတို့လည်း တက်ရောက်ခဲ့ကြသည်ဟု နစကကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။
ယခုကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့တက်ရောက်ခဲ့မှုအပေါ် ကျေးဇူးတင်ပြီး အားလုံး ငြိမ်းချမ်းရေးပန်းတိုင်ကို ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဆိုသည့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆက်သွားကြပါမည်ဟုလည်း နစကကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့သည်။
၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စွဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး တက်ရောက်ကြရန် နစကကောင်စီက ဖေဖော်ဝါရီ ၆ ရက်မှစတင်ကာ ယမန်နေ့ ဖေဖော်ဝါရီလ ၁၁ ရက်အထိ ကောင်စီပိုင်သတင်းစာများတွင် ထည့်သွင်းဖိတ်ခေါ်ခဲ့သည်။
https://www.facebook.com/narinjara.info/posts/5207458695932832