ပြည်ထောင်စုနေ့တွင် လွတ်မြောက်လာသူ အမ်းဒေသခံ ၁ ဦးကို စစ်ကောင်စီက ပြန်လည် ဖမ်းဆီး

By Western News/ 2022 February 16

ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်သည့် ၇၅ ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် AAနှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသူများကို စစ်ကောင်စီက လွှတ်ပေးခဲ့ရာတွင် အမ်းမြို့နယ်က ဒေသခံတစ်ဦးကို ပြန်လည်ဖမ်းဆီးခံခဲ့ရကြောင်း မိသားစုများကပြောသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် စနဲကျေးရွာမှ အကြမ်းဖက်မှုနှင့် ၁ နှစ်ကျော်ကြာ တရားရင်ဆိုင်နေရသည့် ဒေသခံ ၄ ဦးအနက် ၃ ဦးမှာ ပြန်လည်လွတ်မြောက်လာသော်လည်း ကျန် ၁ ဦးမှာ ဖမ်းဆီးခံရပြီး ဆက်လက်တရားရင်နေရသည်။

ပြန်လည်ဖမ်းဆီးခံရသူမှာ အမ်းမြို့နယ် စနဲကျေးရွာမှ အသက် ၂၄ နှစ်အရွယ် ကိုမင်းစိုးနိုင်ဖြစ်ပြီး ၎င်းအား အကြမ်းဖက်ဥပဒေဖြင့် ထပ်မံတရားစွဲခံထားရသည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေက ပြောသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြည်ထောင်စုနေ့ ၎င်းမှာ လွတ်မြောက်လာသော်လည်း စစ်သားများက စစ်ဆေးရန်ရှိသည်ဟုဆိုကာ ပြန်လည်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ကိုမင်းစိုးနိုင်​၏ ဖခင်ဖြစ်သူ ဦးကျော်သန်းက Western News ကိုပြောသည်။

“သားလွတ်လာတယ်ဆိုတာသေချာပါတယ်။ လွတ်ပြီးတော့မှ စစ်သားတွေက မေးမြန်းစရာရှိတယ်ဆိုပြီးပြန် ဖမ်းသွားတာပါ။ ပြီးတော့ သူတို့ ၄ ဦးစလုံးဟာ တရားလိုတူတူပဲ။ အကြမ်းဖက်ဥပဒေလည်းတူတူပဲလေ။ တူတူတရားစွဲခံရပြီး ကျုပ်သားတစ်ယောက်ပဲလွတ်မလာတော့ အရမ်းကို စိတ်ထိခိုက်ရတယ်”ဟု ဆိုသည်။

ကိုမင်းစိုးနိုင်နှင့် အတူတရွားတည်းသားများဖြစ်ကြသည့် ဦးမောင်သန်းတင်၊ ဦးညီပုနှင့် ကိုမောင်သန်းမြတ်တို့ကို ပြီးခဲ့သည့် ၂၀၂၀ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့က စစ်တပ်က စစ်ဆေးစရာရှိသည်ဟု ဆိုကာ နေအိမ်က အသီးသီးဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ​ နိုဝင်ဘာ ၂၃ ရက်နေ့တွင် အမ်းမြို့ ခမရ ၃၇၂ တပ်ရင်းမှ ဗိုလ်မှူးကြီး ဟိန်းထူးလွင်က တရားလိုလုပ်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ၅၂(က) တို့ဖြင့် ကျောက်ဖြူခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ကိုမင်းစိုးနိုင်နှင့် ဖမ်းဆီးတရားစွဲဆိုခံရသူ ၃ ဦးပြန်လွတ်သော်လည်း ၎င်းမှာမပါဝင်သေးသလို အမှုကိုဆက်လက်ရင်ဆိုင်ရမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေ ဒေါ်မြသဒ္ဒါကပြောသည်။

“အမှုကလည်း အတူတူပဲ။ တရားစွဲခံရတာလည်း အတူတူပဲလေ။ ဒါပေမယ့် လွတ်လာတဲ့ထဲမှာ သူမပါလာဘူး။ ကျန် ၃ ဦး ကတော့လွတ်သွားပြီပေါ့။သူဘာကြောင့် မလွတ်သေးတာလဲဆိုတာတော့ ကျွန်မတို့လည်းမသိပါဘူး။ အမှုကတော့ ဆက်လက်ပြီးရင်ဆိုင်ရမှာပေါ့။ နောက်ဆုံးစစ်ဆေးဖို့ ကျန်နေတဲ့လိုပြသက်သေကို လာမယ့် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ စစ်ဆေးသွားမှာပါ”ဟုပြောသည်။

တရားရင်ဆိုင်နေရသူ ၄ ဦးအနက် ၃ ဦးကို လွှတ်ပေးပြီး ကျန် ၁ ဦး ကိုပြန်လည်ဖမ်းဆီးခြင်းမှာ လူ့အခွင့်အရေး ချို့ဖောက်ရာ ရောက်သလို ကာယကံရှင်နှင့်မိသားစုများပါ စိတ်ထိခိုက်ရသည်ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာဦးမြတ်ထွန်းကပြောသည်။

“လွတ်ပေးပြီး အချုပ်ဝမှာပဲ သူ့ကိုပြန်ဖမ်းသွားတယ် လို့သိရတယ်။ ၄ ယောက်တူတူ တရားစွဲခံရပြီး အမှုရင် ဆိုင်နေရတဲ့ထဲ သူတစ်ယောက်တည်းကိုပဲ ပြန်ဖမ်းထားတာဟာ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်တယ်။ ကာယကံရှင်ကိုယ်တိုင်ကော မိသားစုတွေပါ စိတ်ထိခိုက်ရတယ်။ ပြောချင်တာက သူ့ကိုပြန်လွှတ်ပေးစေချင်တယ်”ဟုဆိုသည်။

​ဖေဖော်ဝါရီ ၁၂ရက်နေ့က ပြည်ထောင်စုနေ့ အထိန်းအမှတ်အဖြစ် ရက္ခိုင့်တပ်တော် AAနှင့်ဖမ်းဆီးတရားစွဲ ဆိုခံထားရသူ ၄၆ ဦးကိုပြန်လွှတ်မည်ဆိုသော်လည်း အမ်းမြို့နယ်မှ ကိုမင်းစိုးနိုင်၊ သံတွဲထောင်မှ ၂ ဦးနှင့် အင်းစိန်ထောင်မှ ၁ ဦးတို့ကို ပြန်လည်ဖမ်းဆီးခဲ့သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သတ်၍ ရခိုင်ပြည်နယ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို Western Newsကဆက် သွယ်ခဲ့သော်လည်း ဖုန်းလက်ခံမဖြေဆိုခြင်းမရှိခဲ့ပေ။

https://www.facebook.com/westernnewsagency/posts/466557405150769

Leave a Reply

Your email address will not be published.