ပေါက်တောတွင် လမ်းမကြီးရေမြောင်းဖောက်ရာ၌ အညစ်အကြေးများစုပုံထားမှုကြောင့် လမ်းသွားလမ်းလာများ သွားလာရေးအခက်တွေ့

By Development Media Group (DMG)/ 2022 February 08

ပေါက်တောမြို့၏ အထင်ကရဦးဥတ္တမလမ်းမကြီး ရေမြောင်းအသစ်ပြန်လည်ပြုလုပ်ရာ၌ လမ်းဘေးဝဲယာတွင် အညစ်အကြေးများစုပုံထားသည်မှာ တစ်ပတ်ကျော်ကြာသည့်တိုင် လာရောက်ရှင်းလင်းခြင်းမရှိသေးသဖြင့် သွားလာသူများ အခက်တွေ့နေရကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါရေမြောင်းအဟောင်းမှ တူးဖော်ထားသောအညစ်အကြေးများကို လမ်းမကြီးပေါ်တွင်စုပုံထားကာ စနစ်တကျစွန့်ပစ်မှုမရှိသည့်အတွက် လမ်းပိတ်ဆို့မှုဖြစ်ပေါ်စေပြီး ဈေးသည်၊ ကျောင်းသားနှင့် ခရီးသွားဒေသခံများသွားလာရာတွင် အနံ့ဆိုးများကြောင့် အခက်တွေ့နေရသည်ဟု မြို့ခံများက DMG ကိုပြောသည်။

“မြောင်းထဲကအညစ်အကြေးတွေကို လမ်းမကြီးပေါ်မှာပဲစုပုံထားတယ်။ လမ်းမကြီးဆိုတော့ ကျောင်းသားတွေ၊ ဈေးသည်တွေ၊ ခရီးသွားတွေ အားလုံးသွားလာနေကြတာ။ အညစ်အကြေးတွေကို စွန့်ပစ်မယ့်နေရာကိုယူသွားရမှာ။ ခုက လမ်းမပေါ်မှာစုထားတော့ လူရော၊ ကားရော၊ ဆိုက်ကားရော သွားဖို့လာဖို့မရဘူး။ အနံ့အသက်တွေကလည်းဆိုးတော့ ကျန်းမာရေးအတွက်မ‌ကောင်းဘူးပေါ့။ လမ်းပေါ်မှာ လုပ်ငန်းသုံးအုတ်တွေ၊ သဲတွေလည်းစုပုံထားတာလည်းရှိတော့ ပိုပြီးလမ်းပိတ်တယ်”ဟု ပေါက်တောဒေသခံ  ဦးကျော်ဝင်းကြီးက ပြောသည်။

အဆိုပါရေမြောင်းမှထွက်လာသည့် အညစ်အကြေးများကို အဝေးတစ်နေရာတွင် စွန့်ပစ်ရန်နည်းလမ်းများအား လမ်းပြုပြင်နေသူများအားအကြံပြုသော်လည်း လက်ခံခြင်းမရှိဘဲ စုပုံထားဆဲဖြစ်သဖြင့် အမြန်ဆုံးဖယ်ရှားပေးရန် မြို့ခံများကလိုလားနေကြသည်။

ယင်းလမ်းနေ မြို့ခံတစ်ဦးက “ဒီလမ်းက ‌ပေါက်တောမြို့ရဲ့ ပင်မလမ်းဖြစ်တယ်။ ပေါက်တောမြို့ကိုလာတဲ့သူက ဒီလမ်းကမသွားလို့ကိုမရဘူး။ ဆောက်လုပ်ရေးကလူတွေကိုပြောပြတယ်။ ဒီမြောင်းကနွံတွေကိုဆယ်ပြီးတာနဲ့ ကားပေါ်တစ်ခါတည်းတင်ပြီး သွားစွန့်ပစ်လိုက်။ အညစ်အကြေးတွေကိုပုံမထားနဲ့လို့ အခုတော့ အညစ်အကြေးတွေစုပုံထားတုန်းပဲ”ဟု DMG ကိုပြောသည်။

ရေမြောင်းကို တာဝန်ဆောက်လုပ်နေသည့် ကုမ္ပဏီတာဝန်ရှိသူတို့အား အဆိုပါကိစ္စကိုဖြေရှင်းရန် မြို့ခံတို့ကပြောဆိုထားသော်လည်း လုပ်ပေးမည်ဟုသာတုန့်ပြန်ပြီး ယနေ့အချိန်ထိ  လာရောက်မလုပ်ပေးသေးဟု မြို့ခံများကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး စီမံကိန်းလုပ်ငန်းအား တာဝန်ယူဆောင်ရွက်နေသည့် Arean Rakhine Co.ltd ကုမ္ပဏီပိုင်ရှင် ဒေါ်ယဉ်ယဉ်ချောကို DMG မှ ဖုန်းဖြင့်ဆက်သွယ်မေး မန်းခဲ့ရာ အဆင်မပြေခဲ့ပေ။ ယင်ကြောင့် နောက်ထပ်လုပ်ငန်းတာဝန်ခံကို ဆက်လက်မေးမြန်းခဲ့ရာတွင်လည်း “အလုပ်မအားသေး”ဟုသာ တုန့်ပြန်ခဲ့သည်။

ယင်းအုတ်ရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ရေမြောင်းတစ်ဘက်စီကို အလျားပေ ၂၃၀၀၊ အနံ ၂ ဒသမ ၆ တို့အား ကျပ်သန်း ၁၃၅ ဒသမ ၈၃၈ သန်း အကုန်ကျခံ ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2220720698080329

Leave a Reply

Your email address will not be published.