ပေါက်တောတွင် ခိုင်ပြည်ဟိန်းသဘင် ဇာတ်ဘုတ်နစ်မြုပ်ခဲ့သဖြင့် ပစ္စည်းတန်ဖိုး သိန်း ၄၀၀ ကျော်ဆုံးရှုံး

By Western News/ 2022 February 17

ဓာတ်ပုံ-ခိုင်ပြည်ဟိန်းသဘင်ဇတ်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ‌မြောက်ပြင်အုပ်စု ဂြစ်ချောင်းဈာပနပွဲ၌ ကပြဖျော်၍ ပြန်လာသည့် ခိုင်ပြည်ဟိန်းသဘင်ဇာတ်ဘုတ်မှာ ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၅ နာရီအချိန်ခန့်တွင် ခြံချေကျေးရွာအနီး နစ်မြုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါသဘင်ဘုတ်မှာ ပွဲကပြီးအပြန် ခြံချေကျေးရွာချောင်းသို့အရောက်တွင် ဘုတ်ဝမ်းခေါင်းပေါက်၍ နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ဘုတ်အတွင်းတင်ဆောင်လာသည့် ပစ္စည်းကိရိယာများမှာလည်း ဆားငန်ရည်ဝင်သွားသဖြင့် အကုန်လုံးပြန်လည်အသုံးပြု၍မရတော့ကြောင်း ခိုင်ပြည်ဟိန်းသဘင် ဇတ်ပိုင်ရှင်ကိုဟိန်းကို က Western News ကို ပြောသည်။

“ဘုတ်မှာပါလာတဲ့ ပစ္စည်းအကုန်လုံး ပြန်လို့အသုံးပြုလို့မရတော့ဘူး။ ပစ္စည်းတန်ဖိုးက သိန်း ၄၀၀ ကျော်ရှိပါတယ်။ လူတွေကတော့ ဘာမှမဖြစ်လိုက်ဘူး။ ဘုတ်မြုပ်တာက ချောင်းကမ်းနားမှာဖြစ်လို့”ဟု ပြောသည်။

ယင်းအပြင် ခိုင်ပြည်ဟိန်းသဘင်ဇာတ်မှာ ဂြစ်ချောင်းစျာပနပွဲ၌ ၃ ညကပြဖျော်ဖြေခဲ့ပြီး ဂြစ်ချောင်းဘုရားပွဲသို့ကပြရန်သွားသည့်ပွဲအကူးတွင် ယခုလိုဘုတ်နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု ကိုဟိန်းကိုကပြောသည်။

“ကျွန်တော့်တို့က ပွဲတွေအများကြီးလက်ခံထားတာ။ ဒီနေ့ဆိုရင် ဘုရားပွဲမှာကပြရမှာ။ အခုတော့ ဘယ်လိုဖြေရှင်ရမလဲမသိတော့ဘူး။ ကျွန်တော်တို့မှာ ဆက်လက်ပြီး ကရမယ့်ပွဲတွေအများကြီးရှိသေးတယ်။ ကပြနိုင်အောင်တော့ ကျွန်တော်တို့ ကိုယ့်ဟာကို ကြိုးစားလုပ်ကိုင်ရမှာပဲ”ဟုပြောသည်။

ခိုင်ပြည်ဟိန်းသဘင် ဇတ်မှာ  ၂၀၂၁-၂၀၂၂နှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း လူအင်အား ၅၈ ဦးရှိသည်ဟုသိရသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှစတင်ပြီး ဇာတ်သဘင်များ၂နှစ်‌ကျော်ကြာယာယီရပ်နားခဲ့ရသည်။ ယင်းနောက်၂၀၂၁ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲများမရှိတော့သဖြင့် ဇာတ်သဘင်အဖွဲ့များကို ပြန်လည်ဖွဲ့စည်းလာခဲ့သည်။

ရခိုင်ပြည်နယ်ရှိဇာတ်သဘင်များမှာ ကျောက်ဖြူမြို့မှ ရွှေရတာနာစံရက္ခိတ သုခုမသဘင်နှင့် ရွှေခိုင်သဇင်ရခိုင်ရိုးရာယဉ်ကျေးမူသဘင်၊ ကျောက်တော်မြို့မှ အာရိယာန် မိုးချစ်အနုပညာ ယဉ်ကျေးမှုသဘင်၊ စစ်တွေမြို့မှ ပြည်ချစ်လင်း အနုအလှသုခုမသဘင်၊ ပေါက်တောမြို့မှ ရတနာရွှေနန်းအဆင့်မြင့် အနုသဘင်၊ တောင်ကုတ်မြို့မှ ခိုင်ဇာထွန်းအဆင့်မြင့်ဇာတ်သဘင်နှင့် မြောက်ဦးမြို့မှ စိန်ရွှေရတနာ အဆင့်မြင့်ပဒေသာသဘင် မင်းပြားမြို့မှ အာရက္ခမဏ္ဏိုင်ခေတ်သစ် ရက္ခိုင်ရိုးရာ ယဉ်ကျေးမှုအဆင့်မြင့်အနုသဘင်၊ အမ်းမြို့မှ ရိုးမရင်သွီးရက္ခိတ ဇာတ်မြူးသဘင်၊ ပုဏ္ဏားကျွန်းမြို့မှ ခိုင်ပြည်ဟိန်းရက္ခိတ အနုသဘင်နှင့် ရိုးမသဇင်သုခုမရင်ခွင် အဆင့်မြင့်အနုသဘင်တို့ရှိကြသည်။

https://www.facebook.com/westernnewsagency/posts/467044738435369

Leave a Reply

Your email address will not be published.