ပလက်ဝ ဒေသခံကိုတင်ထွန်းအောင်အား ဆေးစစ်ဆေးခွင့်ရရန် မိသားစုဝင်များတောင်းဆို

By Western News/ 2022 February 28

ပလက်ဝမြို့ အခြေစိုက် ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့် ကိစ္စအား မီဒီယာသို့ အင်တာဗျူးဖြေကြားမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)ဖြင့် တရားရင်ဆိုင်နေရသည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်အား ဆေးစစ်ဆေးခွင့် ပေးရန်တောင်းဆိုထားသည်ဟု မိသားစုဝင်များကပြောသည်။

ကိုတင်ထွန်းအောင်အား ဒီဇင်ဘာ ၂၈ ရက်နေ့ညနေက ပလက်ဝမြို့တွင် ရဲနှင့် စစ်တပ်ကဖမ်းဆီးခဲ့ပြီး ပလက်ဝမြို့ ၂၈၉ တပ်ရင်းတွင်ထိန်းသိမ်းထားသည်။ ထို့နောက် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ပလက်ဝမြို့မ ရဲစခန်း၌ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)ဖြင့် အမှုဖွင့်ပြီး ပလက်ဝမြို့ ၂၈၉ တပ်ရင်းတွင်းထိန်းသိမ်းထားရာမှ ဇန်နဝါရီလ ၉ ရက်နေ့ညနေက စစ်တပ်ရဟတ်ယာဉ်ဖြင့် စစ်တွေသို့ဆောင်သွားပြီး ပါဒလိပ်ကျေးရွာအနီးက စစ်တပ်တစ်ခုတွင်ထိန်းသိမ်းထားခဲ့သည်။

ဇန်နဝါရီ ၁၂ ရက်နေ့နံနက်က စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)မှခေါ်ဆောင်သွားပြီး ၎င်းအား မည့်သည်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိခဲ့ရဘဲ ဇန်နဝါရီလ ၂၃ ရက်နေ့ညနေပိုင်းမှ ပလက်ဝမြို့မ ရဲစခန်း သို့လွှဲပြောင်းခဲ့သည်။

လက်ရှိတွင် ကိုတင်ထွန်းအောင်အား ရုံးထုတ်စစ်ဆေးနေသော်လည်း သူ၏စစ်ကြောရေးကာလများတွင် နှိပ်စက်မှုများရှိခဲ့သောကြောင့် သူ၏ကျန်းမာရေးအခြေအနေကို ဆေးစစ်ဆေးခွင့်ပြုရန် ပလက်ဝမြို့နယ် ရဲစခန်းတွင် တောင်းဆိုထားသည်ဟု မိသားစုဝင်တစ်ဦးကပြောသည်။

“ကျွန်တော်တို့ မိသားစုတွေဘက်ကတော့ သူစစ်ကြောရေးမှာ ဘယ်လိုနှိပ်စက်ခံခဲ့ရတယ်ဆိုတာ မသိရတဲ့အတွက် သူ့ကျန်းမာရေးအတွက် ဆေးစစ်မှုတွေမှုလုပ်ဖို့ ရဲစခန်းမှာတင်ပြထားတာတော့ရှိတယ်။ သူတို့ဆီက ဘာတုံပြန်ချက်မှမရှိသေးဘူး။ လက်ရှိမှာသူနဲ့ တရားရုံးချိန်းတွေမှာပဲ တွေခွင့်ရတယ်”ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပလက်ဝမြို့မရဲစခန်းကိုဆက်သွယ်ခဲ့သော်လည် ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

ကိုတင်ထွန်းအောင်ကို ပလက်ဝမြို့ ၂၈၉တပ်ရင်းမှ ဗိုလ်ကြီးထွန်းထွန်းနိုင်က တရားလိုလုပ်ကာ ပလက်ဝမြို့နယ် တရားရုံးတွင် စွဲဆိုထားခြင်းဖြစ်ပြီး မတ်လ ၃ ရက်နေ့တွင် လိုပြသက်သေများစစ်ဆေးရန် ရုံးချိန်း ထပ်မံချိန်းဆိုထားသည်။

https://www.facebook.com/westernnewsagency/posts/474216721051504

Leave a Reply

Your email address will not be published.