By Western News/ 2022 February 14
ပညာရေးကို ဦးစားပေးပြီး၍ ကြိုးပမ်းဆောင်ရွက်ခဲ့သော ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဂြစ်ချောင်းကျောင်းသစ် ဆရာတော်ကြီး ဘဒ္ဒန္တတေဇိန္ဒမထေရ်မြတ် ပျံလွန်တော်မူသွားပြီးဖြစ်၍ လူငယ်များ၏ ပညာရေးကဏ္ဍ အခက်အခဲဖြစ်မည်ကို စိုးရိမ်နေကြသည်။
ဆရာတော်ကြီးသည် ၂၀၀၆ ခုနှစ်မှ စတင်ကာ ဘ.က ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ဦးဆောင်လုပ်ဆောင်ခဲ့ပြီး ယခုအချိန်တွင် ဆရာတော်ကြီးကျေးဇူးကြောင့် ရပ်ရွာတွင် ဆယ်တန်းအောင်မြင်သူဦးရေ ၁၀ ကျော်ထိ ရှိနေပြီးဖြစ်ကြောင်း ဂြစ်ချောင်းကျေးရွာမှ ကိုခင်မောင်တင်က ပြောသည်။
“ အရင်ဆိုလို့ရှိရင် အစိုးရစာသင်ကျောင်းလည်း ပုံမှန်လည်ပတ်မှုမရှိဘူး။ ဆရာတွေကလည်း ကျောင်းပုံမှန်မတက်ကြဘူး။ အဲဒါတွေကြောင့် ဒီဖက်မှာ ဘ.ကကျောင်း ထူထောင်လာပြီးတော့ စာပုံမှန်သင်တယ်။ ပုံမှန်စာစစ်ရတယ်။ ရွာမှာ ၈ တန်းအထိရှိတယ်။ ၉ တန်း ၊ ၁၀ တန်းတွေဆိုလို့ရှိရင် င/ပြီးကျွန်း ဘ. က ကျောင်းကို ပို့ပြီးတော့ သင်ပေးတယ်။ အခု ကျနော်တို့ရွာမှာဆိုရင် ၁၀ တန်းအောင်မြင်ထားတဲ့သူ ၁၅ ယောက်လောက်ရှိတယ်။ ဆရာတော်ကြီးကျေးဇူးကြောင့် အောင်မြင်လာကြတာဖြစ်တယ်။ ဆရာတော်ကြီး ပညာရေးမျက်လုံးဖွင့်ပေးခဲ့တာပါ” ဟုပြောသည်။
ဆရာတော်ကြီး သက်တော်ထင်ရှားရှိချိတွင် အလယ်တန်းတွဲဖက်အဆင့် ဂြစ်ချောင်း ဘ.က ကျောင်းအား အထက်တန်းအထိ ဖွင့်လှစ်ရန် စီစဉ်ထားခဲ့သည်။ ယခုအချိန်တွင် ဆရာတော်ကြီးမှာ ပျံလွန်တော်မူသွားပြီဖြစ်သည့်အတွက် ဘ.က ကျောင်းအား အထက်တန်းအဆင့်ထိ မဖြစ်မြောက်မှာကို စိုးရိမ်နေကြသလို ယခင်ရှိနေသော အလတန်းအဆင့်အထိ ဘ.က ပညာရေးမှာလည်း ယိမ်းယိုင်သွားမည်ကို ရပ်သူရွာသားများက စိုးရိမ်နေကြသည်ဟု မဦးဝေက ပြောသည်။
“ဘက ကျောင်းက မူလတန်းအဆင့်ရှိတယ်။ အလယ်တန်းက င/ပြီကျွန်းကနေ တွဲထားတာပါ။ ဆရာတော်က အထက်တန်းအထိဖွင့်ဖို့ ရည်ရွယ်ထားခဲ့တယ်။ ဆရာတော်က ပညာရေးပိုင်းကို ဦးစားပေးပြီးတော့ လုပ်ဆောင်ခဲ့တယ်။ အခု ဆရာတော်ကြီးပျံသွားတဲ့အတွက် အားလုံး အားနည်းချက်ဖြစ်သွားတယ်။ ဆရာတော်ကြီးမှန်းထားတာတွေ မဖြစ်မှာကိုလည်း ကျမတို့စိုးရိမ်မိတယ်” ဟုပြောသည်။
ယခုနှစ်တွင် ဂြစ်ချောင်း ဘ.က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀၀ ကျော်အထိရှိပြီး၊ စာသင်ကြားပေးသော ဆရာ၊ ဆရာမ ၄ ဦးရှိကြောင်း သိရှိရသည်။
ပညာသင်ကြားပေးသော ဆရာ၊ ဆရာမများအား အစိုးရကပေးသော လစာအပြင်၊ ရပ်သူရွာသားများမှလည်း စေတနာပေါက်ကောက်ခံကာ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ဘ.က ကျောင်းသို့ ချော်ချောင်းကျေးရွာမှ ကျောင်းသား၊ ကျောင်းသူများလည်း လာရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။
ဆရာတော်ကြီးလောင်းလျာကို ပေါက်တောမြို့နယ်၊ င/ပြီကျွန်း၊ သရက်တောကျေးရွာမှ ခမည်းတော်ဦးစိန်ထွန်း၊ မယ်တော်ဒေါ်မဲစိန်တို့မှ ၁၃၁၃ ခုနှစ်တွင် ဖွားမြင်ခဲ့ပြီး မွေးချင်း ၅ ယောက်အနက် အကြီးဆုံးသားရတာဖြစ်ကြောင်း သိရှိရသည်။
ဆရာတော်ကြီးသည် ယမန်၂၀၂၁ နှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ကိုးဆယ့်ခြောက်ပါးရောဂါဝေဒနာဖြင့် ပျံလွန်တော်မူသွားကြောင်း သိရှိရသည်။ ပျံလွန်တော်မူချိန်တွင် သက်တော် ၇၀ ၊ သိက္ခာတော် ၅၁ ဝါရှိပြီဖြစ်ကြောင်း သိရှိရသည်။
ကြွင်းကျန်ရစ်သော ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား ဖေဖော်ဝါရီ ၁၅ ရက်နေ့မနက်ဖြန်တွင် မီးပူဇော် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
https://www.facebook.com/westernnewsagency/posts/465418478597995