ဒဏ်ငွေလောက်နဲ့ အမှုကိုပြီးပြတ်စေချင်တယ်လို့ မဲမသာမာမှုနဲ့ တရားစွဲခံထားရတဲ့ ရခိုင်အမျိုးသမီးပြော

By  Voice Of Westland (VOW)/ 2022 February 18

အဥ္ဇနခင်

မဲမသာမာမှုပုဒ်မ ၁၇၁(စ)နဲ့ တရားစွဲခံထားရတဲ့ ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ ရခိုင်အမျိုးသမီးတစ်ဦးက အမှုကိုအများနည်းတူ ဒဏ်ငွေလောက်နဲ့ပြီးပြတ်စေလိုတယ်လို့ ဆိုပါတယ်။

တရားစွဲခံထားရသူဟာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က အသက် ၂၈ နှစ်အရွယ် မဝင်းမေ ဖြစ်ပါတယ်။ သူ့ကို ၂၀၂၁ ခုနှစ်ဒီဇင်ဘာလမှာ မဲမသာမာမှုပုဒ်မ ၁၇၁(စ)နဲ့ အမှုဖွင့် တရားစွဲဆိုထားတာဖြစ်ပါတယ်။

“၂၁ ရက်နေ့မှာ ရုံးချိန်းထားတယ်။ဒဏ်ငွေလောက်နဲ့ပြီးပြတ်စေချင်ပါတယ်။သူတို့ဘက်ကပြောထားတာတော့ အမှုကိုဝန်ခံရင် ငွေတစ်သိန်းနဲ့ပြီးပြတ်နိုင်တယ်လို့ပြောထားတယ်”ဟု ကာယကံရှင် မဝင်းမေကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲနှစ်ကြိမ်ထည့်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ အထည်ချုပ်စက်ရုံအလုပ်သမား မနန်းစိုးခိုင် အသက် (၂၁) နှစ်နဲ့ မဝင်းမေတို့ကို ရွှေပြည်သာ မြို့နယ်တရားရုံးမှာ ပုဒ်မ ၁၇၁(စ)နဲ့ အမှုဖွင့်စစ်ဆေးနေတာလည်းဖြစ်ပါတယ်။

အဲဒီအထဲက မနန်းစိုးခိုင်ကိုတော့ အမှုကိုဝန်ခံတဲ့အတွက် ဖေဖော်ဝါရီလ ၉ ရက်နေ့ကပဲ ရွှေပြည်သာမြို့နယ်တရားရုံးကနေ ငွေဒဏ်တစ်သိန်းကျပ် အမိန့်ချမှတ်ခဲ့ပြီး အမှုကလွှတ်ပေးခဲ့တယ်လို့ အမှုအတွက်ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဦးစောမင်းကပြောပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာပဲ အမ်းမြို့လေယာဉ်ကွင်းရပ်ကွက်က မဲမသာမှုပုဒ်မ ၁၇၁(စ)နဲ့ အမှုရင်ဆိုင်နေတဲ့ ဒေါ်မစိန်ကို အမ်းမြို့နယ်တရားရုံးက ငွေဒဏ်တစ်သိန်းကျပ် အမိန့်ချမှတ်ခဲ့တယ်လို့ အမှုလိုက်ပါဆောင်ရွက်ခဲ့တဲ့ ရှေ့နေဦးကျော်ဆန်းလှိုင်က ပြောပါတယ်။

လက်ရှိမှာ အမှုရင်ဆိုင်နေရဆဲဖြစ်တဲ့ မဝင်းမေရဲ့အမှုကို လာမယ့် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ သက်သေများကိုစစ်ဆေးပြီး အပြီးသတ်အမိန့်ချမှတ်မှာဖြစ်တဲ့အတွက် အများနည်းတူ ငွေဒဏ်လောက်နဲ့ပဲ အမှုပြီးပြတ်စေလိုတယ်လို့ ကာယကံရှင် မဝင်းမေက VOW ကိုပြောပါတယ်။

https://www.facebook.com/VOW2ppl/posts/149147994171253

Leave a Reply

Your email address will not be published.