တောင်ကုတ်လူငယ်ကွန်ရက် ဥက္ကဋ္ဌ အမှုလာမည့် ရုံးချိန်းတွင် စွဲချက်တင်သင့်မတင့်ချက် လျှောက်လဲချက်ပေးမည်

By Western News/ 2022 February 28

CRPH၊ PDF နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ဖြင့်တရားစွဲခံထားရသည့် တောင်ကုတ်လူငယ်ကွန်ရက် ဥက္ကဋ္ဌ ကိုမင်းကိုဦးအမှုအား ယနေ့ဖေဖော်ဝါရီလ ၂၈ ရက်နေ့က သံတွဲခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့်မတင့်သင့် လျှောက်လဲချက်ပေးသွားမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေကပြောသည်။

ယနေ့ရုံးချိန်းတွင် အမှုစစ်အရာရှိအား စစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့်မတင့် လျှောက်လဲချက်ပေးသွားမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ့ဒေါ်သိင်္ဂီမောင်က Western News ကိုပြောသည်။

“ ဒီနေ့ရုံးချိန်းမှာတော့ အမှုစစ်အရာရှိဖြစ်တဲ့ တောင်ကုတ်မြို့မ ရဲစခန်းမှူး ဒုရဲမှူးဇော်လတ်ကိုစစ်ဆေးခဲ့ပါတယ်။ လာမည့် မတ်လ ၁၀ ရက်ရုံးချိန်းမှာတော့ စွဲချက်တင်သင့်မတင့် နှစ်ဖက်ရှေ့နေတွေက လျှောက်လဲချက်ပြုလုပ်သွားကြမှာဖြစ်တယ်”ဟုပြောသည်။

ကိုမင်းကိုဦးအား CRPH၊ PDF တို့အားငွေကြေးထောက်ပံ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက ၎င်း၏နေအိမ်မှဖမ်းဆီးသွားပြီး သံတွဲခရိုင်တရားရုံးတွင် တောင်ကုတ်မြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်လတ်က တရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။အဆိုပါ အမှုတွင် တရားလိုအပါဝင် လိုပြသက်သေ စုစုပေါင်း ၉ ဦးအထိပါဝင်သည်။

ဖမ်းဆီးတရားစွဲခံထားရသည့် ကိုမင်းကိုဦးမှာ တောင်ကုတ်မြို့တွင် ပရဟိတလုပ်ငန်းများ၊ ကိုဗစ်ကာလတွင် ကြပ်တည်းနေသူများအား ကူညီထောက်ပံ့မှုများပြုလုပ်နေသည့် တောင်ကုတ်လူငယ်ကွန်ရက် ဥက္ကဋ္ဌတစ်ဦးဖြစ်သည်။

ကိုမင်းကိုဦးအပါဝင် PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် လူငယ်များအားပြန်လည်လွှတ်ပေးရန် ရခိုင်ပြည်လုံးဆိုင်ရာလူငယ်များ-ကွန်ရက် ( AAYON) မှဇန်နဝါရီလ ၇ ရက်နေ့ကထုတ်ပြန်ချက်တစ်စောင့်ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် PDF နှင့်ဆက်စပ်သည်ဟုဆိုကာအကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၄  ဦးထိရှိလာပြီးဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/474190004387509

Leave a Reply

Your email address will not be published.